Top News

COVID-19 ၏ ဇာစ်မြစ်ကို စုံစမ်းသည့် WHO ၏ မစ်ရှင်အဆုံးသတ်သွားခဲ့သော်လည်း တိကျသည့်ရလဒ်များ ထွက်ပေါ်ခြင်းမရှိခဲ့့
24htopnews | January 7, 2025 5:12 AM CST

တရုတ်နိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ ဇာစ်မြစ်ကို စုံစမ်းသိရှိနိုင်ရန် မျှော်လင့်ချက်ကြီးမားစေခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကျွမ်းကျင်သူများပါဝင်သည့် ပညာရှင်အဖွဲ့သည် တရုတ်နိုင်ငံ၌ ၎င်းတို့၏ စုံစမ်းမှုတာဝန်ကို အဆုံးသတ်ခဲ့သော်လည်း ထူးခြားသည့် ရှာဖွေတွေ့ရှိချက်တစ်ခုပင် မပြနိုင်ခဲ့ဘဲ COVID-19 သည် ဓာတ်ခွဲခန်းတစ်ခန်းမှ ပျံ့နှံ့လာခဲ့သည်ဆိုုသည့် အယူအဆကို စုံစမ်းစစ်ဆေးသူများက ပယ်ချခဲ့ကာ ယင်းဗိုင်းရပ်စ်ကို မည်သည့် တိရစ္ဆာန်က လူသားများဆီသို့ ကူးစက်ပျံ့နှံ့စေခဲ့သည်ဆိုုသည့် အချက်ကိုလည်း အဖြေမထုတ်နိုင်ခဲ့ပေ။

မည်သည့် တိရစ္ဆာန်မျိုးစိတ်က လူသားများအား ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်စေခဲ့သည်ဆိုသည့်အချက်ကို ရှင်းလင်းစွာ မသိရသေးကြောင်း WHO ကျွမ်းကျင်သူများနှင့် ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုများတွင် ပါဝင်ခဲ့သည့် တရုတ်ပညာရှင်အဖွဲ့အကြီးအကဲ လျန်ဝမ်ယန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ငြင်းပယ်မှုများကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရသည့် WHO ၏ စုံစမ်းရေးခရီးစဉ်သည် ကပ်ရောဂါနှင့် ပတ်သက်ပြီး အဖြစ်မှန်ကို လျှော့ပေါ့ပြောကြားမည့် အရေးကို စိုးရိမ်မှုများမြင့်တက်စေခဲ့ပြီး အမေရိကန်ကမူ ၂၀၁၉ ခုနှစ်ကုန်ပိုင်းတွင် စတင်ခဲ့သည့် ကပ်ရောဂါ၏ ဇာစ်မြစ်ကို ခိုင်မာစွာစုံ စမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့ပြီး တရုတ်နိုင်ငံကလည်း ယင်းစုံစမ်းစစ်ဆေးမှုများသည် နိုင်ငံရေးသဘော ပါဝင်သက်ရောက်ခြင်း မရှိရဟု ပြန်လည်သတိပေးခဲ့သည်။

အနီးကပ် စောင့်ကြပ်ကြည့်ရှုခံခဲ့ရသည့် ယင်းစစ်ဆေးရေး မစ်ရှင်တွင် သတင်းထောက်များကို ကျွမ်းကျင်သူများနှင့် အဝေးမှသာ သတင်းရယူခွင့်ပေးခဲ့သည်။

WHO ကျွမ်းကျင်သူ ဘန်အမ်ဘာရက်၏ ထောက်ခံမှုကို ရရှိခဲ့သည့် လျန်ကမူ ကိုရိုနာဗိုင်းရပ်ကို ပထမဆုံး တရားဝင် အတည်ပြုခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမတိုင်မီက ယင်းရောဂါသည် ဝူဟန်မြို့တွင် ကူးစက်ပျံ့နှံ့ခဲ့သည်ဆိုသည့်အချက်ကို မတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

တိရစ္ဆာန်များထံမှ လူသားများဆီသို့ ရောက်ရှိခဲ့သည့် ဗိုင်းရပ်စ်၏ ကူးစက်ပျံ့နှံ့ရာ လမ်းကြောင်းကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးနေသည့် အဆင့်မှာသာ ရှိနေသေးကြောင်းနှင့် ဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းမှ ယိုစိမ့်ခဲ့သည်ဆိုသည့် အယူအဆမှာ အလွန်ဖြစ်နိုင်ခြေမရှိကြောင်း အမ်ဘာရက်က ပြောကြားခဲ့သည်။

လက်ရှိတွင် စုံစမ်းစစ်ဆေးသူများသည် ကမ္ဘာတစ်ဝန်း လူပေါင်း ၂.၃ သန်းကျော်ကို သေဆုံးစေခဲ့သည့် ဗိုင်းရပ်စ်၏ ဇာစ်မြစ်ကို အတိအကျဖော်ထုတ်ရန် ရုန်းကန်နေရချိန်တွင် အစိုးရများသည်လည်း နေ့အလိုက် ရောဂါကူးစက်မှုများနှင့် နောက်ဆက်တွဲအကျိုးဆက်များကို ကိုယ်တွယ်ဖြေရှင်းရန် လုံးပန်းနေရသည်။

ထိုအချိန်အတောအတွင်း အီရန်သည် ရုရှား၏ Sputnik V ကာကွယ်ဆေးကို စတင်ထိုးနှံမှုနှင့်အတူ ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်များမှာလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေကြသည်။

ယင်းသို့ ကာကွယ်ဆေးများ ထိုးနှံနေချိန်တွင် ကမ္ဘာ့နိုင်ငံအများစုတွင် တင်းကျပ်သည့် ကန့်သတ်ချက်များ ချမှတ်ထားခဲ့သဖြင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ထပ်မံထိခိုက်စေခဲ့သည်။


READ NEXT
Cancel OK