Top News

နိုင်ငံကူးလက်မှတ်(အတု)များဖြင့် ထိုင်းနှင့် မလေးရှားသို့ တရားမဝင်အလုပ်သမား ပို့ဆောင်သည့် One Asia အေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာအပါဝင် ရှစ်ဦးအား ဖမ်းဆီးရမိ
24htopnews | January 7, 2025 7:12 PM CST

နိုင်ငံကူးလက်မှတ်(အတု)များဖြင့် ထိုင်းနှင့် မလေးရှား နိုင်ငံများသို့ တရားမဝင်အလုပ်သမား ပို့ဆောင်သည့် One Asia အေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာအပါဝင် ရှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁) မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား လုံခြုံရေးပူးပေါင်းအဖွဲ့သည် မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP)ဖြင့် ထွက်ခွာမည့် သက်နန္ဒာဝင်းက ခေါ်ဆောင်လာသည့် တောင်တွင်းကြီးမြို့နယ်နေ မနှင်းအိဖြူပါ အမျိုးသမီးငယ် သုံးဦး အပါအဝင် မြန်မာလူငယ် (၁၁)ဦးထံမှ မြန်မာနိုင်ငံကူးလက်မှတ်အတု(၁၁)အုပ်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စိစစ်မေးမြန်းချက်များအရ (၁၁)ဦး အနက် မနှင်းအိဖြူပါ (၉)ဦးအား ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ၃၇ လမ်း (အထက်)၊ ဒုတိယထပ်၊ အမှတ်(၂၂၀)ရှိ One Asia အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာ နွယ်နီလှိုင်မင်း၊ ဒါရိုက်တာ ခင်မောင်ရွှေ(ခေါ်) ဗလ တို့က တစ်ဦးလျှင် ဝန်ဆောင်ခ ကျပ်သိန်း (၈၀)စီရယူ၍လည်းကောင်း၊ မောင်ကျော်မင်းထွန်း ပါ နှစ်ဦးအား ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းနှင့် (၃၉)လမ်းထောင့်၊ Central Tower တတိယထပ်၊ အခန်း(၃၀၂)ရှိ လျမ်းထက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ စုမြတ်(ခေါ်)စုမြတ်နန္ဒာဝင်းက တစ်ဦးလျှင် ကျပ်သိန်း (၇၀)စီရယူ၍လည်းကောင်း၊ မြန်မာနိုင်ငံကူးလက်မှတ်အတုများ ပြုလုပ်ပေးကာ မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ပို့ဆောင်၍ ထိုင်းနိုင်ငံမှ တစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းများမှ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ကြောင်း သိရှိရသဖြင့် မြဝတီမြို့မရဲစခန်းက နွယ်နီလှိုင်မင်း၊ ဗလနှင့် စုမြတ်တို့ကို ဥပဒေအရ အမှုဖွင့်လှစ် အရေးယူခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ခဲ့ရာ One Asia အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ နွယ်နီလှိုင်မင်း၊ ဗလ၊ လျမ်းထက်ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းမှ ဝဏ္ဏဇော်(ခေါ်)ကိုပေါက်၊ နိုင်ငံကူးလက်မှတ်အတုပြုလုပ်သူများဖြစ်သည့် ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ စေတနာသုခလမ်း၊ အမှတ်(၇၂/ ၃ လွှာ-စီ)နေ ညိုမင်း၊ လှိုင်မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ မာလာမြိုင်(၉)လမ်း၊ အမှတ်(၁၁/ ၅ လွှာ-ယာ)နေ ဂျွန်ကိုကို (ခေါ်)ဂျွန်ကိုနှင့် ၎င်း၏ဖခင်ဖြစ်သူ ဦးထွန်းရီ၊ မြန်မာနိုင်ငံကူးလက်မှတ်အတုများကို ဂျွန်ကိုကို ထံအပ်နှံပြုလုပ်၍ အလုပ်သမားများကို မလေးရှားနိုင်ငံသို့ တရားမဝင်ပို့ဆောင်ပေးသူများဖြစ်သည့် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ လမ်း(၃၀/အထက်)၊ အမှတ်(၂၀၀)နေ စန်းဝင်း(ခေါ်)ရဖီးနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် ဗထူးလမ်းသွယ်ထောင့်၊ အမှတ်(၁)နေ သန့်ဇင်ဦးတို့ ရှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ နွယ်နီလှိုင်မင်း၊ ဗလ ၊ စုမြတ်၊ စန်းဝင်းနှင့် သန့်ဇင်ဦးတို့သည် မလေးရှားနိုင်ငံရောက် ကျော်စွာ ဆိုသူက မြန်မာအလုပ်သမားများကို မလေးရှား နိုင်ငံသို့စေလွှတ်ပေးရန် အလုပ်အပ်နှံမှုအပါအဝင် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူများကို စုဆောင်း၍ အခကြေးငွေ ကျပ်သိန်း(၈၀)ရယူပြီး ကျော်စွာအား ၁၇ သိန်းကျပ်၊ ဇော်လင်းပိုင်နှင့် မျိုးလေး(ခေါ်)ဖာရွတ် တို့အား ထိုင်းဘတ် ၂၀၀၀၀ (ကျပ် ၂၄ သိန်း)စီ၊ အထွေထွေကုန်ကျစရိတ် နှစ်သိန်းကျပ် ကုန်ကျခဲ့ရာ နွယ်နီလှိုင်မင်းနှင့် ဗလတို့က ကျပ်(၁၃)သိန်း အကျိုးအမြတ်ရယူ၍ မလေးရှားနိုင်ငံနေ မျိုးလေး၏စီစဉ်မှုဖြင့် မြန်မာနိုင်ငံကူးလက်မှတ်အတုပြုလုပ်သူ ဂျွန်ကိုကိုထံ အပ်နှံအတုပြုလုပ်၍လည်းကောင်း၊ မြန်မာနိုင်ငံကူးလက်မှတ်မှ အချက်အလက်များကို ပြုပြင်အတုပြုလုပ်သူ ညိုမင်းထံ အပ်နှံပြုပြင်၍လည်းကောင်း မြန်မာနိုင်ငံကူး လက်မှတ်အတုများ ပြုလုပ်ကာ အလုပ်သမားများကို ရန်ကုန်မြို့သို့ ခေါ်ယူစုစည်း၍ ရန်ကုန်မြို့မှ ခရီးသည်တင်ယာဉ်ဖြင့် မြဝတီမြို့သို့ ပို့ဆောင်ပေးကြောင်း သိရသည်။

ထို့နောက် မြဝတီမြို့သို့ ရောက်ရှိပါက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နေ ဇော်လင်းပိုင်ဆိုသူ၏ ကိုယ်စားလှယ်ဖြစ်သူ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်မြေရွှေဘိုရပ်နေ သက်နန္ဒာဝင်းက အမှတ်(၁)မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားမှ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP)ဖြင့်လည်းကောင်း၊ တရားမဝင်လမ်းကြောင်းများမှ လည်းကောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ပို့ဆောင်ကြောင်း၊ မဲဆောက်မြို့သို့ရောက်ရှိပါက ဇော်လင်းပိုင်က ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်(ဘတ်ကတ်)အတုများ ထုတ်ပေးကာ မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ကြောင်း သိရသည်။

ဘန်ကောက်မြို့သို့ ရောက်ရှိပါက မြန်မာနိုင်ငံကူးလက်မှတ်အတုဖြင့် ထိုင်းနိုင်ငံ ပြည်တွင်းလေကြောင်းလိုင်းမှ လေယာဉ်လက်မှတ် ဝယ်ယူ၍ ထိုင်းနိုင်ငံတောင်ပိုင်းရှိ နရာသီဝမြို့သို့ လေကြောင်းခရီးဖြင့် ပို့ဆောင်ပေးကြောင်း၊ နရာသီဝမြို့သို့ရောက်ရှိပါက မျိုးလေး၏ စီစဉ်မှုဖြင့် မလေးရှားနိုင်ငံနယ်စပ်၊ ကလန်တန်း မြို့သို့ တရားမဝင်ရေလမ်းကြောင်းမှ လှေဖြင့် လည်းကောင်း၊ ကလန်တန်းမြို့မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ တရားမဝင်ကုန်းလမ်းကြောင်းမှ မော်တော်ယာဉ်ဖြင့် လည်းကောင်း ပို့ဆောင်ကြောင်း၊ ၎င်းနောက် မလေးရှားနိုင်ငံ ပြည်တွင်းလေကြောင်းလိုင်းများဖြင့် မလေးရှားနိုင်ငံအတွင်း မြန်မာနိုင်ငံကူးလက်မှတ်အတုများ ကိုင်ဆောင်သွားလာ အလုပ်လုပ်ကိုင်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဥပဒေအရအရေးယူဆောင်ရွက်ထားရှိကြောင်း၊ ဂျွန်ကိုကို အနေဖြင့် ဗလနှင့် စုမြတ်တို့အပါ (၁၄)ဦးတို့အပ်နှံသည့် နိုင်ငံကူးလက်မှတ်အတု (၇၃၄)အုပ်အား အတုပြုလုပ်ပေးခဲ့ကြောင်းနှင့် အမှုမှထွက်ပြေးတိမ်းရှောင်နေသူများကို ဖမ်းဆီးရမိရေးအတွက် ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK