Top News

မရမ်းကုန်းမြို့နယ်တွင် တပ်မတော်အရာရှိတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် Together Urban Force အဖွဲ့ဝင် ခုနှစ်ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးခံရ
24htopnews | January 7, 2025 7:12 PM CST

ရန်ကုန်မြို့အတွင်း ဖောက်ခွဲမှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက်ခဲ့ပြီး မရမ်းကုန်းမြို့နယ်တွင် တပ်မတော်အရာရှိတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် Together Urban Force အဖွဲ့ဝင် ခုနှစ်ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးခံရကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်မြို့မှ ခွင့်ပြန်လာသည့် တပ်မတော်အရာရှိတစ်ဦးသည် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ အထက်ဗဟိုလမ်းရှိ “Apollo” ဟိုတယ်၌ ကျင်းပပြုလုပ်သည့် ညီဖြစ်သူ၏ မင်္ဂလာပွဲသို့သွားရောက်ခဲ့ပြီး ညီမဖြစ်သူနှင့်အတူ မော်တော်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာစဉ် ဟိုတယ်ရှေ့အထက်ဗဟိုလမ်းမပေါ်သို့ အရောက်တွင် လက်နက်ကိုင် နှစ်ဦးမှ ပစ္စတိုဖြင့် သုံးချက်ပစ်ခတ် ထွက်ပြေးသွားခဲ့ရာ တပ်မတော်အရာရှိတွင် ယာလက်ဖျံ ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ညီမဖြစ်သူတွင် ယာခါးရှပ်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၊ နိုင်ဝင်းလတ်၊ ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်နှင့် မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၏ မိဘများဖြစ်သည့် ဦးသန်းအောင်၊ ဒေါ်ချိုမာလွင်တို့ ငါးဦးအား အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ အင်းစိန်လမ်း၊ ရတနာသိင်္ခဘုန်းကြီး ကျောင်းဝန်းအတွင်းရှိ စူပါပါဝါကိုမွန်လေး ကားဆေးဘော်ဒီရုံ၌ ဒီတိုနီတာ ၅ဝဝ ချောင်း၊ ယမ်းကြိုး(၂ဝဝ ပေ) တစ်ခွေ၊ နိုက်ထရိုကလယ်ဇင်း ၅ဝ ကျပ်သား၊ လက်လုပ်ဗုံး တစ်လုံး၊ ယမ်းမှုန့်(ရောစပ်ပြီး) သုံးပိဿာ၊ ပုလဲ ၅၀ ပိဿာ၊ Black Powder ၂၀ ကျပ်သားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသူများ၏ ထွက်ဆိုချက်အရ ရတနာသိင်္ခဘုန်းကြီးကျောင်းတိုက်အတွင်း၌ လက်နက်/ခဲယမ်းများ သိုဝှက်သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ အနန္တဂုဏ်ရည်ကျောင်းဆောင် ဒုတိယထပ်အခန်းအတွင်းမှ ပွိုင့် 38 Special အမျိုးအစားခြောက်လုံးပြူး သေနတ် တစ်လက်၊ ၎င်းကျည် ၂၅ တောင့်၊ TNT ယမ်းတောင့် နှစ်တောင့်၊ ဒီတိုနေတာ ၃၅ ချောင်း၊ ပန်းရောင်ယမ်းမှုန့် ၅ဝ ကျပ်သားနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသူများ၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သော လက်နက်/ ခဲယမ်းများအား ကြည့်မြင်တိုင်မြို့နယ်၊ ကရင်အမျိုးသားရပ်ကွက်၊ ဦးကောင်းလမ်း၊ အမှတ်(၅၂၈)၊ (မြေညီထပ်)အခန်းတွင် နေထိုင်သည့် ဖမ်းဆီးရန်ကျန် စွမ်းထက်(ခ)အေရွန်နှင့် ဇွန်ပွင့်ဖြူတို့ထံတွင် သိမ်းဆည်းထားကြောင်းသိရှိရသဖြင့် အဆိုပါနေ့ နေ့လယ်ပိုင်းတွင် သွားရောက်ရှာဖွေခဲ့ရာ ၎င်းတို့ နှစ်ဦးသည် ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ဖမ်းဆီးရန်ကျန် စွမ်းထက်(ခ)အေရွန်၏ မိခင်ဖြစ်သူ ဒေါ်ခင်ယုဆွေအား နေအိမ်မီးဖိုခန်းအတွင်းမှ Sig Sauer ပစ္စတို သေနတ် နှစ်လက်၊ ကျည်အိမ် သုံးခု၊ 9mm Thai Arms ကျည် ၁၅ တောင့်၊ 9mm Luger ကျည် ၉ တောင့်၊ လက်လုပ်ဗုံး တစ်လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၏ ထွက်ဆိုချက်အရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်းတွင် ထက်အောင်လှိုင်အား အင်းစိန်မြို့နယ်၊ ဗဟိုလမ်း၊ မီးရထားဒီဇယ်စက်ခေါင်းစက်ရုံဝင်ပေါက်အနီး၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖောက်ခွဲမှုနှင့် လုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက်လျက်ရှိသည့် အမျိုးသား ငါးဦး၊ အမျိုးသား နှစ်ဦး၊ စုစုပေါင်း (၇) ဦးတို့အား Sig Sauer ပစ္စတို သေနတ် နှစ်လက်၊ ၎င်းကျည်အိမ် သုံးခု၊ 9mm ကျည် ၂၄ တောင့်၊ ပွိုင့် 38 Special အမျိုးအစား ခြောက်လုံးပြူးသေနတ် တစ်လက်၊ ၎င်းကျည် ၂၅ တောင့်၊ လက်လုပ်ဗုံး နှစ်လုံး၊ TNT ယမ်းတောင့် နှစ်တောင့်၊ ဒီတိုနေတာ ၅၃၅ ချောင်း၊ ယမ်းမှုန့် ၃ ပိဿာ ၅ဝ ကျပ်သား၊ နိုက်ထရိုကလယ်ဇင်း ၅ဝ ကျပ်သား၊ ပုလဲ ၅ဝ ပိသာ၊ Black Powder ၂ဝ ကျပ်သား၊ ယမ်းကြိုး(၂ဝဝ ပေ) တစ်ခွေ၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည် ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန် နှင့် မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညိုတို့ နှစ်ဦးသည် ၂၀၂၁ ခုနှစ်၊ မတ်လခန့်တွင် ဖမ်းဆီးရန်ကျန် ဝိုင်ချို၊ နေမင်းတို့နှင့်အတူ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာအနီးတွင် PDF သင်တန်းအား သင်တန်းသားအင်အား (၁၇)ဦးဖြင့် (၇)ရက်အားလည်းကောင်း၊ ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန် သည် ၂၀၂၁ ခုနှစ်၊ ဇွန်လခန့်တွင် မြဝတီမြို့နယ်၊ လေးကေ့ကော် မြို့သစ်အနီး KNLA တပ်မဟာ(၆)နယ်မြေတွင် ဖောက်ခွဲရေးသင်တန်း အမှတ်စဉ်(၁)အား သင်တန်းသားအင်အား (၂၀) ဦးဖြင့် ၁၀ ရက်အားလည်းကောင်း တက်ရောက်ခဲ့သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။

ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်သည် သင်တန်းဆင်းပြီးနောက် လူမှုကွန်ယက်မှ တစ်ဆင့်ရင်းနှီးခဲ့သူ ဖမ်းဆီးရန် ခင်လင်းလင်း၏ ချိတ်ဆက်ပေးမှုဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ သွားရောက်၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ နေထိုင်ခဲ့ကြောင်း၊ ဩဂုတ်လခန့်တွင် သင်တန်းတက်ရောက်စဉ် ရင်းနှီးခဲ့သူ ဖမ်းဆီးရန်ကျန် အဲရစ်အောင်ငြိမ်းသည် Messenger မှတစ်ဆင့် ဆက်သွယ်၍ PDF အဖွဲ့များအတွက် ထောက်ပို့လုပ်ငန်းများ လုပ်ဆောင်ရာတွင် လာရောက်ကူညီပေးရန် ပြောကြားခဲ့သောကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ ရန်ကုန်မြို့သို့ပြန်လာခဲ့ပြီး မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို နေထိုင်သည့် ရတနာသိင်္ခဘုန်းကြီးကျောင်းဝန်းအတွင်း၌ သွားရောက်နေထိုင်ခဲ့ကြောင်း၊ ၎င်းနောက် လူမှုကွန်ယက် Facebook စာမျက်နှာတွင် “ဆာကူရာ အမည်ဖြင့် အကောင့်ဖွင့်လှစ်၍ ထောက်ပံ့ငွေများ ကောက်ခံခဲ့ပြီး ရရှိလာသော ငွေကြေးများအား အဲရစ်အောင်ငြိမ်းထံသို့ Kpay မှတစ်ဆင့် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်သည်  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလခန့်တွင် ယခင်ငွေကြေးထောက်ပံ့ပေးနေသည့် ထိုင်းနိုင်ငံတွင်နေထိုင်သူ ဖမ်းဆီးရန်ကျန် ကိုမျိုး(ခ)ဆရာကျောင်း(ခ)ဦးလေးကြီးထံသို့ Telegram မှတစ်ဆင့် ဆက်သွယ်ပြီး ထောက်ပံ့ငွေတောင်းခံခဲ့ရာ ၎င်းမှ အဖွဲ့တစ်ခု ဖွဲ့စည်းပါက ငွေကြေးထောက်ပံ့ပေးမည်ဟု ပြောကြားခဲ့သည့်အတွက် Together Urban Force အဖွဲ့အား ခိုင်မင်းစိုး(ခ) ငြိမ်းခန့်လင်း (ခ)ပါပီလွန်မှခေါင်းဆောင်၍ မိုးထက်အောင်(ခ)မိုးထက်(ခ) တိမ်ညို၊ နိုင်ဝင်းလတ်၊ ဖမ်းဆီးရန်ကျန်သူများဖြစ်သည့် စွမ်းထက်(ခ)အေရွန်၊ ဇွန်ပွင့်ဖြူတို့ ငါးဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်ဟု ၎င်းက ထွက်ဆိုထားကြောင်း သိရသည်။

Together Urban Force အဖွဲ့သည် ကိုမျိုး(ခ)ဆရာကျောင်း(ခ) ဦးလေးကြီး၏ ခိုင်းစေမှုဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်နှင့် ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် ဖောက်ခွဲမှု (၆)ကြိမ်၊ လုပ်ကြံသတ်ဖြတ်မှု နှစ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းတို့သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ သမိုင်းလမ်းဆုံရှိ လုံခြုံရေးဘန်ကာအား ဖမ်းဆီးရန်ကျန်သူများဖြစ်သည့် ခင်ဇော်ဝင်းနှင့် ထိုက်လင်းတို့ နှစ်ဦးမှ လက်လုပ်ရီမုမိုင်းဖြင့် ဖောက်ခွဲခဲ့ပြီး ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်၊ မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၊ ထက်အောင်လှိုင်တို့ သုံးဦးမှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ မေ ၆ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား နိုင်ဝင်းလတ်၊ ဖမ်းဆီးရန်ကျန်သူများဖြစ်သည့် စွမ်းထက်(ခ)အေရွန်နှင့် ဇွန်ပွင့်ဖြူတို့ သုံးဦးမှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း သိရသည်။

မေ ၁၂ ရက်တွင် အင်းစိန်မြို့နယ်၊ ပေါက်တောဝမီးပွိုင့်ရှိ ဆက်သွယ်ရေး Box အား ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်နှင့် မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညိုတို့ နှစ်ဦးမှ လက်လုပ်ရီမုမိုင်းဖြင့် ဖောက်ခွဲခဲ့ပြီး ဖမ်းဆီးရန်ကျန် ခင်ဇော်ဝင်းမှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း၊ မေ ၃၀ ရက်တွင် အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ ကောင်းသန့်ထမင်းဆိုင်၌ ရစဖမှူး ဦးစောဝင်းလွင်အား ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်၊ ဖမ်းဆီးရန်ကျန် စွမ်းထက်(ခ)အေရွန်တို့ နှစ်ဦးမှ ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညိုမှ အခြေအနေစောင့်ကြည့်ပေးခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၈ ရက်တွင် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်ရှိ အင်းဝဘဏ်အား ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်နှင့် ဖမ်းဆီးရန်ကျန်သူများဖြစ်သည့် စွမ်းထက်(ခ)အေရွန်၊ ဇွန်ပွင့်ဖြူ၊ သူရိန်ဝင်း(ခ)ဘူးသီးတို့ လေးဦးမှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း၊ ဩဂုတ် ၁၄ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ဘုန်းကြီးလမ်းရှိ ယာဉ်ထိန်းရုံး (အဟောင်း)အား ဖမ်းဆီးရန်ကျန်သူများဖြစ်သည့် စွမ်းထက်(ခ)အေရွန်၊ ဇွန်ပွင့်ဖြူ၊ သူရိန်ဝင်း(ခ)ဘူးသီးတို့ သုံးဦးမှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း၊ အောက်တိုဘာ ၁၂ ရက်တွင် တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းရှိ 29 ရတနာရွှေဆိုင်အား ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်၊ မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညိုနှင့် ဖမ်းဆီးရန်ကျန်သူများဖြစ်သည့် စွမ်းထက်(ခ)အေရွန်၊ ဇွန်ပွင့်ဖြူတို့ လေးဦးမှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၂ ရက်တွင် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ အထက်ဗဟိုလမ်း၊ အမှတ် (၁၃)ရှိ Apollo Hotel ရှေ့တွင် တပ်မတော်အရာရှိနှင့် ညီမဖြစ်သူတို့အား မိုးထက်အောင် (ခ)မိုးထက်(ခ)တိမ်ညိုနှင့် ဖမ်းဆီးရန်ကျန် သောကြာ(ခ)ကောင်းဆက်သွေး(ခ)အောင်မြတ်သူတို့ နှစ်ဦးမှ ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ခိုင်မင်းစိုး(ခ) ငြိမ်းခန့်လင်း(ခ)ပါပီလွန်၊ နိုင်ဝင်းလတ်၊ ဖမ်းဆီးရန်ကျန်သူများဖြစ်သည့် စွမ်းထက် (ခ)အေရွန်၊ ဇွန်ပွင့်ဖြူ၊ ဉာဏ်လင်းထက်(ခ)ယဉ်လတ်တို့ ငါးဦးမှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသူများ၏ ထွက်ဆိုချက်အရ အဆိုပါဖောက်ခွဲဖျက်ဆီးခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများ ဆောင်ရွက်ရာတွင် အသုံးပြုခဲ့သည့် လက်နက်/ ခဲယမ်းများအား ဖမ်းဆီးရန်ကျန် ကိုမျိုး(ခ)ဆရာကျောင်း(ခ)ဦးလေးကြီးမှ ဖမ်းဆီးရန်ကျန် သောကြာ(ခ)ကောင်းဆက်သွေး(ခ)အောင်မြတ်သူနှင့်ချိတ်ဆက်၍ ပို့ဆောင်ပေးခြင်းဖြစ်ပြီး ဆောင်ရွက်ပြီးပါက လူမှုကွန်ရက်တွင်တင်၍ ထောက်ပံ့ငွေတောင်းခံခြင်းများအား ဆောင်ရွက်ခဲ့ကြောင်းနှင့် ဖမ်းဆီးရမိထားသူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။


READ NEXT
Cancel OK