Top News

ထိုင်း - မြန်မာ နယ်စပ်တွင် ပျောက်ဆုံးခဲ့သော တရုတ်နိုင်ငံသား ရုပ်ရှင်သရုပ်ဆောင်အား ထိုင်းနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်း
24htopnews | January 7, 2025 10:12 PM CST

ထိုင်း - မြန်မာနယ်စပ်တွင် ပျောက်ဆုံးခဲ့သော တရုတ်နိုင်ငံသား ရုပ်ရှင်သရုပ်ဆောင်အား မြဝတီခရိုင်အတွင်း ပြန်လည်တွေ့ရှိ ပြီးနောက် ထိုင်းနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

 အဆိုပါ တရုတ်နိုင်ငံသား ရုပ်ရှင် သရုပ်ဆောင်သည် မြန်မာနိုင်ငံ မြဝတီဘက်သို့ မဲ့ကိုကင်း သဘာဝ ဂိတ်မှ ဝင်ရောက်လာကြောင်း၊ ဒေသတွင်း လက်နက်ကိုင်များက ဖမ်းဆီးပြီးနောက် ထိုင်း နိုင်ငံတာဝန်ရှိသူများထံ ဇန်နဝါရီ ၇ ရက်၊ မွန်းလွဲ၂ နာရီခန့်က ပြန်လည်လွှဲပြောင်း ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ထိုင်း - မြန်မာနယ်စပ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ (၃) ရက်နေ့ကတည်းက ပျောက်ဆုံးခဲ့သည်ဆိုသည့် တရုတ်နိုင်ငံသား ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သူ  Wang Xing အား မြန်မာနိုင်ငံဘက်ခြမ်းတွင် ပြန်လည်တွေ့ရှိရပြီးဖြစ်သည့်အတွက်ကြောင့် ထိုင်းရဲချုပ်ဖြစ်သူ Thatchai Pitaneelabutr ကိုယ်တိုင် သွားရောက်ခေါ်ဆောင်နေပြီးဖြစ်ကြောင်း ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် Khaosod English ၏ သတင်းဖေါ်ပြချက်အရ သိရသည်။

Wang Xing မှာမည်သို့ ပျောက်ဆုံးခဲ့ကြောင်းနှင့် မည်သည့်နေရာတွင် ပြန်လည်တွေ့ရှိခဲ့သည်ဆိုကြောင်းကိုတော့ ထိုင်းသတင်းဌာနများအနေဖြင့် အသေးစိတ်‌ရေးသား ဖေါ်ပြခြင်းမရှိသော်လည်း Wang Xing အား မြဝတီမြို့အနီးရှီ KK Park ကျားဖြန့်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများရှိရာနေရာအနီးတဝိုက်တွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

CCTV ကင်မရာမှတ်တမ်းများအရ တရုတ်နိုင်ငံသား ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သူ  Wang Xing မှာ မဲဆောက်မြို့၊ တောင်ဘက်ရှိ Ban Mae Konken မှ မြန်မာနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက်သွားသည်ကို တွေ့ရှိခဲ့ရပြီးနောက်ပိုင်း Wang Xing မှာ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း တာ့ချ်ခရိုင် အာဏာပိုင်များ၏ အတည်ပြုပြောဆိုချက်များအား ကိုးကား၍ ဘန်ကောက်ပို့စ်သတင်းစာတွင် ဖေါ်ပြထားချက်အရ သိရသည်။

ရုပ်ရှင် သရုပ်ဆောင် Wang Xing မှာ သရုပ်ဆောင်ရန် အဖွဲ့တစ်ဖွဲ့၏ ကမ်းလှမ်းချက်အရ ထိုင်းနိုင်ငံသို့ ဇန်နဝါရီ ၃ ရက်  နံနက်ပိုင်း က ရောက်ရှိလာခဲ့ကြောင်း၊ ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့သို့ ရောက်ရှိလာခဲ့ပြီးနောက်၊ ပျောက်ဆုံးသွားကြောင်းကို ၎င်း၏ချစ်သူ Jia Jia က ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ အာဏာပိုင်များထံ အကူအညီ တောင်းခံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံရှိ သတင်းစာများ၊ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း အထူးသတင်းတစ်ပုဒ်အဖြစ် ဖေါ်ပြခံခဲ့ရပြီးနောက် တရုတ်၊ ထိုင်း နှင့် မြန်မာ ဘက်မှ အရေးတယူကိုင်တွယ်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖေါ်ပြချက်များအရ သိရသည်။

 


READ NEXT
Cancel OK