Top News

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီလက်မှတ်စာအုပ်များအား ဧပြီတွင် စတင်ရောင်းချမည်ဖြစ်ကာ အာမခံငွေ(Deposit) ပေးသွင်းခြင်း၊ သဘောတူကတိစာချုပ်ချုပ်ဆိုခြင်းများကို မတ် ၄ ရက်နောက်ဆုံးထား၍ အပြီးဆောင်ရွက်ရမည်
24htopnews | January 7, 2025 10:12 PM CST

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (၂၀၂၅ ခုနှစ် ဧပြီမှ ၂၀၂၆ ခုနှစ် မတ်အထိ) အတွက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီလက်မှတ်စာအုပ်များအား ဧပြီတွင် စတင်ရောင်းချမည်ဖြစ်ကာ ဝယ်ယူခွင့်ရရှိသည့် ထီစာအုပ်အရေအတွက်အား အတည်ပြုချက်ရရှိပါက အာမခံငွေ(Deposit) ပေးသွင်းခြင်း၊ သဘောတူကတိစာချုပ်ချုပ်ဆိုခြင်းများကို မတ် ၄ ရက် နောက်ဆုံးထား၍ အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲသည် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီလက်မှတ် စာအုပ်များကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (၂၀၂၅ ခုနှစ် ဧပြီမှ ၂၀၂၆ ခုနှစ် မတ်အထိ) အတွက် ၂၀၂၅ ခုနှစ် ဧပြီလတွင် စတင်ရောင်းချပေးသွားမည်ဖြစ်ရာ ထီစာအုပ် ဝယ်ယူရောင်းချလိုသူများအနေဖြင့် ဖော်ပြပါအချက်များနှင့်အညီ ဆောင်ရွက်ကြရန်ကြေညာအပ်ကြောင်း ပါရှိသည်။

ယင်းအချက်များမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူများအနေဖြင့် အောင်ဘာလေထီစာအုပ်များ ဝယ်ယူရောင်းချလိုပါက အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်)သို့လည်းကောင်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း နေထိုင်သူများအနေဖြင့် အောင်ဘာလေထီစာအုပ်များ ဝယ်ယူရောင်းချလိုပါက အောင်ဘာလေသိန်းဆုဌာနခွဲ (မန္တလေးရုံးခွဲ)သို့လည်းကောင်း၊ ပြည်ထောင်စုနယ်မြေအပါအဝင် မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပနှင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်များမှ အောင်ဘာလေထီလက်မှတ်စာအုပ်များ ဝယ်ယူရောင်းချလိုသူများအနေဖြင့် မိမိတို့နေထိုင်ရာမြို့နယ်ရှိ မြို့နယ်အခွန်ဦးစီး ဌာနမှူးရုံးများသို့လည်းကောင်း လျှောက်ထားနိုင်ကြောင်း၊ အောင်ဘာလေထီစာအုပ် ဝယ်ယူရောင်းချရန် လျှောက်ထားသူများသည် ထီလုပ်ငန်း အမှန်တကယ် လုပ်ကိုင်၍ ထီဆိုင်ဖွင့်လှစ်ရောင်းချသူများဖြစ်ရန်လိုအပ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း/မိတ္တူ အိမ်ထောင်စုလူဦးရေစာရင်း မူရင်း/မိတ္တူ၊ ထီစာအုပ်ဝယ်ယူရရှိပါက သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချ မည်ဖြစ်ကြောင်း ကတိခံဝန်ချက်စသည်များကို လျှောက်လွှာနှင့်အတူ ကိုယ်တိုင်တင်ပြလျှောက်ထားရ မည်ဖြစ်သည်။

ယင်းအပြင် ထီလုပ်ငန်းရှင်အဟောင်းများအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ လစဉ် ကျပ် ၁၀၀၀ တန်ထီလက်မှတ် စာအုပ်ဝယ်ယူရောင်းချခဲ့မှုအပေါ် မိမိနေထိုင်ရာ (သို့မဟုတ်) လုပ်ငန်းတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ထီဆိုင်လုပ်ငန်းအတွက် အခွန်ကိစ္စဆောင်ရွက်ပြီးကြောင်း ထောက်ခံစာမူရင်း(သို့မဟုတ်) ထီဆိုင်လုပ်ငန်းအတွက် အခွန်ကိစ္စလုံလောက်သောအစီအစဉ်များ ပြုလုပ်ပြီးကြောင်း ထောက်ခံစာမူရင်းကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း၊ လျှောက်လွှာများကို သက်ဆိုင်ရာရုံးများသို့ ဇန်နဝါရီ ၁၄ ရက်မှ ၂၈ ရက်အတွင်း တင်သွင်းရမည်ဖြစ်ကြောင်း၊ လစဉ်ဝယ်ယူခွင့်ရရှိထားသော ထီစာအုပ်အရေအတွက်အရ ထီလက်မှတ်(၁၁)စောင်ပါ ထီစာအုပ် တစ်အုပ်လျှင် အာမခံငွေ(Deposit) ၂၀၀ ကျပ်နှုန်းဖြင့် သုံးလစာအတွက် ကျပ် ၆၀၀ ကို ကြိုတင်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ထီစာအုပ် ဝယ်ယူရောင်းချလိုသူများအနေဖြင့် တစ်လလျှင် မိမိရောင်းရမည့် ထီစာအုပ်အရေအတွက်အရ ဘဏ္ဍာနှစ်တစ်နှစ်လုံးအတွက် တာဝန်ယူရောင်းချမည့် ထီစာအုပ်အရေအတွက်ကို ဖော်ပြလျက် မပျက်မကွက် ဝယ်ယူမည်ဖြစ်ကြောင်း သဘောတူကတိစာချုပ် ချုပ်ဆိုရမည်ဖြစ်ကြောင်း၊ ထီစာအုပ်များဝယ်ယူရောင်းချရန် သဘောတူကတိစာချုပ်ချုပ်ဆိုပြီး စာချုပ်ပါသဘောတူညီချက် တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်ပါက ထီစာအုပ်ဝယ်ယူခွင့် ရပ်စဲခြင်း၊ အာမခံငွေ(Deposit)များ နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းယူခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝယ်ယူခွင့်ရရှိသည့် ထီစာအုပ်အရေအတွက်အား အတည်ပြုချက်ရရှိပါက အာမခံငွေ(Deposit) ပေးသွင်းခြင်း၊ သဘောတူကတိစာချုပ်ချုပ်ဆိုခြင်းများကို မတ် ၄ ရက် နောက်ဆုံးထား၍ အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့်အချိန်အတွင်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပျက်ကွက်ခဲ့ပါက ထီစာအုပ် ဝယ်ယူခွင့်ရရှိသူစာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်သည်။


READ NEXT
Cancel OK