Top News

ပါကစ္စတန်တွင် COVID-19 ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ခဲ့ပြီး ကူးစက်သူ ၅၀၀၀၀ နီးပါး ရှိလာ
24htopnews | January 8, 2025 10:12 AM CST

ပါကစ္စတန်အစိုးရက COVID-19 စီမံချက်အား အဆုံးသတ်ရန် ၎င်းင်းတို့၏ဆုံးဖြတ်ချက်အတွက် နောက်ဆက်တွဲများကို မရေမရာဖြစ်နေချိန်တွင် မကြာသေးမီရက်များအတွင်း COVID-19 ကူးစက်မှုများ မြင့်တက်ခဲ့ပြီး ကူးစက်သူ ၅၀၀၀၀ နီးပါး ရှိလာကာ သေဆုံးသူ ၁၀၀၀ ကျော်ရှိလာကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။

စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ သက်ရောက်မှုအား စိုးရိမ်မှုနှင့် ဆင်းရဲသား သန်းပေါင်းများစွာ၏ ကြီးမားသောဒုက္ခများကြောင့် ဝန်ကြီးချုပ် အီမရန်ခန်းက ပြီးခဲ့သော သီတင်းပတ်တွင် Lockdown စီမံချက်များအား ရုပ်သိမ်းပေးခဲ့ခြင်းကို ကာကွယ်ခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုသည် ခန့်မှန်းထားမှုထက် နည်းပါးနေကြောင်း ပြောကြားခဲ့သည်။ ပညာရေးမှာမူ ပိတ်ထားရဆဲဖြစ်သော အဓိကကဏ္ဍတစ်ခုဖြစ်နေသည်။

Lockdown အား အဆုံးသတ်ပေးခြင်းသည် ခြိမ်းခြောက်မှု ပြီးဆုံးသွားပြီဟု သဘောမသက်ရောက်ဘဲ ပြည်သူများသည် ဘေးကင်းရေးနည်းလမ်းများအား ကိုယ်တိုင်ကျင့်သုံးကြရမည်ဖြစ်ကြောင်း နိုင်ငံ၏အကြီးဆုံး ပြည်နယ်ပန်ဂျပ်၏ ကျန်းမာရေးဝန်ကြီး Yasmeen Rashid က မေ ၂၀ တွင် ရုပ်သံ အင်တာဗျူး၌ ပြောကြားခဲ့သည်။

လူဦးရေ ၂၀၇ သန်းရှိ ပါကစ္စတန်တွင် တစ်နေ့လျှင် လူပေါင်း ၁၄၀၀၀ ခန့်ကိုသာ ရောဂါစစ်ဆေးနိုင်သောကြောင့် စစ်ဆေးမှုနှုန်း နိမ့်ပါးနေဆဲဖြစ်သည်။ သို့သော် ရိုက်တာက တရားဝင် အချက်အလက်များအား တွက်ချက်မှုအရ ကူးစက်မှုနှုန်းသည် အတော်အသင့် တည်ငြိမ်နေဆဲဖြစ်ပြီး ကူးစက်သူစုစုပေါင်းအရေအတွက်သည် ဧပြီ ၁ နောက်ပိုင်း ၉ ရက်မှ ၁၁ ရက်ကြာတိုင်း နှစ်ဆတိုးနေကြောင်း တွေ့ရှိခဲ့သည်။

ကူးစက်မှုနှုန်းက အရှိန်ပိုမြင့်လာလျှင် ရန်ပုံငွေထောက်ပံ့မှု အားနည်းပြီး ယိုယွင်းနေသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် အလွန်အမင်း စိုးရိမ်ကြောင်း ဆရာဝန်များနှင့် ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။

မေလ၏ ပထမဆုံး ရက် ၂၀ အတွင်း ဗိုင်းရပ်စ်ကြောင့် လူ ၆၃၀ ကျော် သေဆုံးခဲ့ပြီး ဧပြီတစ်လလုံးတွင်မူ ၃၈၀ ခန့် သေဆုံးခဲ့ကြောင်း၊ မတ်လက သေဆုံးသူထက် ၁၀ ဦး နည်းခဲ့ကြောင်း ရိုက်တာက ပြုစုထားသော အချက်အလက်များအရ သိရသည်။

မေ ၂၀ တွင် COVID-19 ကြောင့် လူ ၃၂ ဦး သေဆုံးခဲ့သဖြင့် နိုင်ငံတစ်ဝန်း သေဆုံးသူစုစုပေါင်း ၁၀၁၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်း အစိုးရဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ရာ ပါကစ္စတန်သည် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ခဲ့သော ၂၅ နိုင်ငံမြောက်ဖြစ်လာခဲ့သည်။

မေ  ၁၉ တွင် ပါကစ္စတန်၌ ဗိုင်းရပ်စ်ကြောင့် ၄၆ ဦး သေဆုံးခဲ့ရာ တစ်နေ့တည်း သေဆုံးမှု အများဆုံးနေ့လည်း ဖြစ်ခဲ့သည်။

မေ ၂၀ တွင် ကူးစက်သူသစ်အရေအတွက်သည် ၂၁၉၃ ဦး ရှိခဲ့သောကြောင့် တစ်နေ့တည်း ကူးစက်သူ ဒုတိယမြောက် အများဆုံးနေ့လည်းဖြစ်ခဲ့ကာ နိုင်ငံတစ်ဝန်း ကူးစက်သူစုစုပေါင်း ၄၈၀၉၁ ဦးအထိ မြင့်တက်လာ ခဲ့သည်။

နောက်ဆုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် မည်မျှ ရှိနေသည်ဖြစ်စေ လူသန်းပေါင်းများစွာသည် ဆင်းရဲတွင်းထဲ ကျရောက်မည်ဟု အစိုးရက မျှော်လင့်ထားသောကြောင့် ပါကစ္စတန်သည် ပိုမိုပြင်းထန်သော ထိခိုက်မှုကို ခံစားရမည်ဟု ခန့်မှန်းရသည်။ ပါကစ္စတန်စီးပွားရေးသည် ယခုနှစ်တွင် ၁.၅ ရာခိုင်နှုန်း ကျုံ့မည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ခန့်မှန်းထားသည်။                    

 


READ NEXT
Cancel OK