
(၁)
မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြပြီး Facebook မှာ ဝေဖန်ထောက်ပြမှ အလုပ်လုပ်ကြတဲ့အစိုးရဆိုပြီး ဝေဖန်သုံးသပ်ကြတဲ့ ဒီမိုကရေစီနိုင်ငံတော်ခေတ်မှာ အစိုးရကို ဝေဖန်ထောက်ပြလို့ ပြည်သူတွေ သုံးစွဲတဲ့ Facebook အကောင့်တွေ ပိတ်သိမ်းပစ်တာမျိုးကို တပ်မတော်အစိုးရဆီကနေပြီး အာဏာလွှဲပြောင်းရယူထားလို့ စစ်တစ်ပိုင်း အစိုးရလို့ သမုတ်ခံခဲ့ရတဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာတောင် လုပ်ဆောင်ခဲ့မှု မရှိပေမယ့် အရပ်သားအစိုးရ၊ ရွေးကောက်ခံ အစိုးရလို့ သိကြတဲ့ NLD အစိုးရလက်ထက်မှာ ဖြစ်လာနေပါတယ်။
NLD အစိုးရကို ထောက်ခံတဲ့ Lobby Account တွေဟာ လူမှုကွန်ရက် Facebook မှာ အတိုက်အခံပါတီက ခေါင်းဆောင်တွေ၊ အရင်တုန်းက အစိုးရတာဝန် ထမ်းဆောင်ဖူးသူတွေနဲ့ NLD အစိုးရကို ဝေဖန်သူတိုင်းကို ညစ်ညမ်းစွာ ဆဲဆို အောက်လုံးထိုးပြီး တိုက်ခိုက်နေပေမယ့် သူတို့အသုံးပြုတဲ့ Facebook အကောင့်တွေကတော့ အပိတ်မခံရတဲ့အပြင် Facebook ရဲ့ တရားဝင်အသိအမှတ်ပြု အကောင့်အဖြစ် Blue Badge ပါ ရနေတဲ့အခြေအနေမှာ အစိုးရကို ဝေဖန်ထောက်ပြနေတဲ့ အကောင့်တွေကို Facebook သုံးစွဲခွင့်မပြုဘဲ ပိတ်ချ (Disible) နေတာဟာ အစိုးရ အလိုကျ လုပ်နေတာလား။ Facebook က မြန်မာနိုင်ငံမှာ သီးသန့်မူဝါဒနဲ့ သွားနေတာလား။ အစိုးရကို ထောက်ခံတယ်ဆိုပြီး မိုက်ရိုင်းညစ်ညမ်းစွာ ဆဲဆိုနေတဲ့ အကောင့်တွေကို Facebook ရဲ့ တရားဝင်အသိအမှတ်ပြု အကောင့်အဖြစ် Blue Badge ပေးနေချိန်မှာ အစိုးရကို ဝေဖန်ထောက်ပြနေတဲ့ အကောင့်တွေကို ပိတ်ချနေမှုဟာ Facebook ကြောင့် ရွေးကောက်ပွဲမမျှတမှုကိုပါ ဖြစ်စေနိုင်မလား တွေးဆဖို့ လိုအပ်လာပါတယ်။
ဥပမာအားဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေရဲ့ ရှစ်နှစ်လောက် သုံးစွဲခဲ့တဲ့အကောင့်ကို Facebook က မေ ၅ ရက်မှာ ပိတ်ချလိုက်ပါတယ်။
ဒီလိုပိတ်ချခံရတာနဲ့ ပတ်သက်ပြီး ဒေါ်ယဉ်မင်းမြင့်ဆွေက “ ရှစ်နှစ်တာ၂၀၁၂ မှာ စတင်အသုံးပြုခဲ့တဲ့ Yin Min Myint Swe အမည်နဲ့ ID တင်ထားတဲ့ Facebook အကောင့် Disable ဖြစ်သွားပါတယ်။ ပါတီတစ်ခုရဲ့ လော်ဘီချင်းတူရင်တောင် သန်းခြောက်ထောင်ကျော်ရဲ့ အစွမ်းကြောင့် အစိုးရလော်ဘီတွေ Blue Mark တွေရနေချိန်မှာ အတိုက်အခံပါတီလော်ဘီရဲ့ Facebook Account တွေကတော့ ဖယ်ရှားခံနေရပါတယ်။ အတိုက်အခံပါတီက ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ကျွန်မရဲ့ Yin Min Myint Swe Account ကို Disable လုပ်လို့ Facebook Team ကို Report လုပ်တဲ့အခါ ဝင်လာတဲ့ Mail ကို ကြည့်ခြင်းအားဖြင့် အစိုးရက ဖယ်ရှားခိုင်းတယ်လို့ ယူဆလို့ရပါတယ် . . .” လို့ ရေးသားခဲ့တာကို တွေ့ရပြီး အစိုးရကို ဆက်ဝေဖန်နေဦးမယ်လို့ မေ ၅ ရက်မှာ ပို့စ်တစ်ခု တင်ခဲ့တာ တွေ့ရပါတယ်။ ပိုပြီးဆိုးတာက ဒေါ်ယဉ်မင်းမြင့်ဆွေရဲ့ အကောင့်အပိတ်ခံရကြောင်း Kyi Win အမည်နဲ့ Facebook သုံးစွဲသူက သူ့အကောင့်အစစ်မှာ “ ပြည်ခိုင်ဖြိုးပါတီ (ဗဟို) ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ၏ Facebook အား FB Team မှ အကြောင်းပြချက်မရှိဘဲ အပြီးတိုင်ဖျက်သိမ်း၊ ဒေါ်ယဉ်မင်းမြင့်ဆွေက သူမ၏အကောင့်သည် ID အစစ်အမှန်ဖြင့် တရားဝင်သုံးနေသော အကောင့်ဖြစ်ပြီး FB မှ ချမှတ်ထားသော စည်းမျဉ်းများကို ချိုးဖောက်ခြင်းမရှိခဲ့ကြောင်း အခိုင်အမာပြောဆိုထား။ ၂၀၂၀ ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ လက်ရှိအစိုးရကို ဝေဖန်ထောက်ပြသော အကောင့်များကို ပိုမိုနှိပ်ကွပ်မှုများ ပြုလုပ်လာပြီး အစိုးရ ဘက်တော်သား အကောင့်များကိုမူ Blue Mark အဆင့်အထိ ကျောထောက်နောက်ခံပေးမှုများ ဖြစ်ပေါ်လာ၊ လက်ရှိအစိုးရလက်ထက် သန်း ၆၀၀၀ ကျော် အကုန်အကျခံ ဖွဲ့စည်းခဲ့သော လူမှုကွန်ရက် စောင့်ကြည့်မှုအဖွဲ့သည် FB Team နှင့် ပူးပေါင်း၍ အတိုက်အခံအင်အားစုများကို စနစ်တကျ ဖိနှိပ်နေကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူအချို့က ဝေဖန်ပြောဆို” လို့ တင်ပြခဲ့တဲ့ ပို့စ်ကို Facebook က ဖြုတ်ချခဲ့တဲ့အပြင် ပို့စ်တင်တာကိုလည်း ပိတ်ခဲ့ပါတယ်။ ဒေါ်ယဉ်မင်းမြင့်ဆွေရော၊ ကိုကြည်ဝင်းရော ရေးတဲ့ ပို့စ်တွေမှာ အစိုးရထောက်ခံသူတွေလို ဆဲဆိုပြီး အောက်တန်းတကျရေးထားတာ၊ ပုပ်ခတ်တာ မပါပေမယ့် အကောင့်တွေ အပိတ်ခံရ၊ ပို့စ်တွေ အဖျက်ခံရဖြစ်နေတာက Facebook ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဆိုရင်တော့ တော်တော်လေးကို မမျှတတဲ့ ဒီမိုကရေစီနဲ့ အောက်ဆုံးအဆင့်နားရောက်နေတဲ့ မြန်မာ့လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို Facebook ဟာ မြောင်းထဲရောက်အောင် ထိုးချတာပါ။
အစိုးရကို ဝေဖန်လေ့ရှိတဲ့ အကောင့်တွေ၊ အတိုက်အခံပါတီတွေက ဝေဖန်သူတွေရဲ့ အကောင့်တွေကို ပိတ်သိမ်းနေတာ၊ လက်ရှိမှာ ဒေါ်ယဉ်မင်းမြင့်ဆွေအကောင့် ပိတ်သိမ်းခံရတာတွေနဲ့ ပတ်သက်ပြီး အစိုးရကိုယ်တိုင်က သူ့ကို ဝေဖန်ရင် ပိတ်သိမ်းခိုင်းနေတာလားဆိုတဲ့ မေးခွန်းထုတ်သံတွေလည်း ရှိလာနေပါတယ်။ ဒါကြောင့်မို့လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို The Daily Eleven သတင်းစာအနေနဲ့ လက်ရှိအစိုးရကို ဝေဖန်တဲ့ Facebook အကောင့်တွေကို ပိတ်ဖို့အတွက် ညွှန်ကြားထားတာမျိုး ရှိ မရှိ မေးမြန်းတဲ့အခါမှာ ဦးဇော်ဌေးက “ ညွှန်ကြားထားခြင်း မရှိပါ။ ညွှန်ကြားလို့လည်း မရပါ” ဆိုပြီး ဖြေဆိုခဲ့ပါတယ်။
ဆဲဆိုပုပ်ခတ်နေတဲ့ Lobby အကောင့်ကို Facebook က တရားဝင်အသိအမှတ်ပြု Blue Mark ပေးပြီး ဝေဖန်ထောက်ပြနေတဲ့ အတိုက်အခံပါတီက အကောင့်တွေနဲ့ သတင်းမီဒီယာသမားတွေရဲ့ အကောင့်တွေကို Facebook က ပိတ်သိမ်းနေတယ်ဆိုတဲ့ အခြေအနေတွေဟာ အမေရိကန်အစိုးရရဲ့ ထောက်ခံမှုနဲ့ Facebook က မြန်မာ့ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်တော့မှာလား တွေးစရာ ဖြစ်လာသလို Facebook ရဲ့ ကမ္ဘာလုံးဆိုင်ရာစံနှုန်းတွေနဲ့ ခြားနားပြီး မြန်မာပြည်မှာပဲ အစိုးရကို ဝေဖန်နေသူတွေရဲ့ အကောင့်တွေ ပိတ်သိမ်းနေတာဟာ မြန်မာအစိုးရနဲ့ Facebook အကြားမှာ ဘာသဘော တူညီချက်တွေများ ရှိနေသလဲ။ ဒီလိုမဟုတ်ဘူးဆိုရင် အစိုးရက သန်း ၆၄၀၀ ကျော် သုံးပြီး ဖွဲ့စည်းထားတဲ့ SMMT (Social Media Mornitoring Team) ကပဲ လုပ်ဆောင်ပေးနေသလား။ တစ်ဖက်မှာ အစိုးရကို ဝေဖန်တဲ့ အကောင့်တွေကို ပိတ်သိမ်းဖျက်ချဖို့အတွက် ရွေးကောက်ပွဲကော်မရှင်နဲ့ Facebook တို့က ညှိနှိုင်းထားတာလား။ ဒါမှမဟုတ်ရင် အမုန်းစကားတွေမပါတဲ့၊ ဆဲဆိုရိုင်းစိုင်းမှုမပါဘဲဝေ ဖန်ကြတာတွေကို Facebook AI က မလုပ်နိုင်လို့ အစားခန့်ထားတဲ့ Facebook Myanmar Team ကပဲ အစိုးရကို ဝေဖန်တယ်ဆိုတာနဲ့ ပို့စ်တွေဖျက်ချ၊ အကောင့်တွေ ပိတ်ချလုပ်နေတာလား။ Facebook Myanmar Team နဲ့ Facebook Checker Team ဟာ ဘယ်သူ့ရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာ ရှိနေလို့ အစိုးရကို ထောက်ခံပြီး ဝေဖန်သူတွေကို ဆဲဆိုနေတဲ့ အကောင့်တွေကို Blue Mark ပေး၊ ဝေဖန်သူတွေကိုကျတော့ ဆဲဆိုတာမပါဘဲနဲ့ ပို့စ်ဖျက်ချ Account Disable လုပ်ပြီး ပိတ်သိမ်းနေတာဟာ ဘယ်သူ့ညွှန်ကြားချက်နဲ့ လုပ်နေသလဲဆိုတာ စုံစမ်းစစ်ဆေးရမယ့် အခြေအနေကို ရောက်လာနေပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲမစတင်ခင် အခုလိုအချိန်မှာ Facebook ရဲ့ ဘက်လိုက်မှုတွေကို အတိုက်အခံပါတီတွေနဲ့ သတင်းမီဒီယာသမားတွေက မေးခွန်းထုတ်ပြီး မျှတအောင် ပြောင်းလဲနိုင်မှပဲ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ တရားမျှတမှုကို မြင်ရမှာဖြစ်သလို ဒီမိုကရေစီရဲ့ ရသနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ပေးရာလည်း ရောက်မှာပါ။
(၂)
Facebook ဟာ မြန်မာနိုင်ငံမှာပဲ မမျှတမှုတွေ လုပ်နေတယ်လို့ ဘာကြောင့်ရှုမြင်ခံနေရတာလဲဆိုရင် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းတွေနဲ့ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေပုံတွေ ကွာဟနေလို့လည်း ဖြစ်ပါတယ်။ အာဏာရ အစိုးရကို ဝေဖန်လို့ မရဘူး။ ထောက်ပြလို့မရဘူးဆိုတဲ့ ဖြစ်စဉ်တွေအပြင် လူမှုကွန်ရက်မှာ ဗုဒ္ဓဘာသာကို စော်ကားနေတာတွေ၊ ပုံဖျက်တိုက်ခိုက်နေတာတွေကိုလည်း ဘယ်လိုပဲ Report လုပ်လုပ် Facebook ဟာ လျစ်လျူရှုထားခဲ့တာတွေကိုလည်း တွေ့မြင်နေရပါတယ်။ မိုက်ရိုင်းစွာဆဲဆိုတာတွေ၊ အောက်တန်းတကျ တိုက်ခိုက်တဲ့အကောင့်တွေကို ပိတ်သိမ်းတာ၊ ဖျက်သိမ်းတာဟာ လက်ခံလို့ရပေမယ့် များသောအားဖြင့်တော့ ရုတ်ရင်း ကြမ်းတမ်းစွာဆဲဆိုနေတဲ့ အကောင့်တုတွေကိုတော့ Facebook ကိုက အကာအကွယ် ပေးထားသလိုမျိုး ဖြစ်နေပြီး လူသိများတဲ့ အကောင့်တွေ ဆဲဆိုမှုမပါဘဲ အစိုးရကိုဝေဖန်နေတဲ့အကောင့်တွေ ပိတ်ချခံနေရတာဟာ Facebook မှာ တာဝန်ရှိသလို Facebook ဟာ မြန်မာနိုင်ငံမှာ အခွန်မထမ်းဆောင်ဘဲ ရပ်တည်ခွင့်ရနေတာ ဒါနဲ့ ဆက်စပ်နေသလား ဆိုတာလဲ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
သန်း ၆၄၀၀ ကျော် အကုန်ခံပြီးတော့ လူမှုကွန်ရက်ကိုစောင့်ကြည့်ဖို့ SMMT ကို ဖွဲ့ပေးထားတယ်။ မြန်မာနိုင်ငံမှာ စီးပွားရှာဖို့နဲ့ မမျှတမှုတွေ လုပ်ဆောင်နေတဲ့ Facebook ဆီက တစ်နှစ်ကို အများဆုံး ဒေါ်လာသန်း ၁၀၀ လောက် အခွန်ရနိုင်တဲ့ အခြေအနေကို လျစ်လျူရှုထားသလို ဖြစ်နေပါတယ်။ ရွေးကောက်ပွဲကော်မရှင်နဲ့ Facebook ညှိနှိုင်းပြီး ရွေးကောက်ပွဲကို ပျက်ပြားစေအောင် တိုက်ခိုက်တဲ့ စကားလုံးတွေ၊ အမုန်းတရားကို ဖြစ်စေတဲ့ စကားလုံးတွေ ရေးမယ်ဆိုရင် ပယ်ဖျက်သွားမယ်ဆိုခဲ့တာတွေဟာ အစိုးရက ခန့်ထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို လုပ်ပိုင်ခွင့်တွေ ဘယ်လောက်အထိ ပေးထားသလဲ တွေးစရာဖြစ်လာပါတယ်။
“Facebook ပေါ်မှာရေးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ကြီးကြပ်ရေး စိစစ်ရေးအဖွဲ့တွေ ဖွဲ့သွားဖို့ရှိတယ်။ ရွေးကောက်ပွဲကို ထိခိုက်စေတဲ့ စကားလုံးတွေ၊ ရွေးကောက်ပွဲကို ပျက်ပြားစေအောင် တိုက်ခိုက်တဲ့ စကားလုံးတွေ၊ အမုန်းတရားကို ဖြစ်စေတဲ့ စကားလုံးတွေ ရေးမယ်ဆိုရင် ပယ်ဖျက်သွားဖို့ ရှိပါတယ်။ Facebook ကနေ တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးပြီးပြီ။ သူတို့ကိုယ်တိုင် သိရင်လည်း ပယ်ဖျက်သွားဖို့ ရှိသလို ကျွန်တော်တို့ကနေ တင်ပြသွားရင်လည်း ပယ်ဖျက်ပေးဖို့ ဆွေးနွေးပြီး ဖြစ်ပါတယ်” လို့ ဖေဖော်ဝါရီ ၆ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကျင်းပတဲ့ သတင်း မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားခဲ့ပါတယ်။
လက်တွေ့မှာတော့ အမုန်းစကားတွေ၊ ဆဲဆိုတာတွေ မပါခဲ့တဲ့ အတိုက်အခံပါတီကြီးတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက အစိုးရအပေါ် ဝေဖန်မှုတွေကြောင့် Facebook အကောင့်ကို ပိတ်ချလိုက်တာဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ Facebook ကြားက ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ သက်ဆိုင်ခြင်း ရှိ မရှိ မေးစရာ ဖြစ်လာပါတယ်။
အစိုးရက ပိတ်ခိုင်းတိုင်း၊ ဖြုတ်ချခိုင်းတိုင်း Facebook ဟာ အကောင့်တွေကို ဖြုတ်ချခွင့်၊ ပိတ်ခွင့်မရှိပါဘူး။ မြန်မာနိုင်ငံမှာဆိုရင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ရှိနေပါတယ်။ ဒီဥပဒေဟာ အစိုးရကို တရားစွဲခွင့်ရှိတဲ့ ဥပဒေဖြစ်သလို လွတ်လပ်စွာပြောရေးဆိုခွင့်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်ပေးထားတဲ့နိုင်ငံမှာ အစိုးရက သူ့ကို ဝေဖန်တဲ့အကောင့်တွေကို ပိတ်ပစ်ဖို့ တောင်းဆိုလို့ပဲဖြစ်ဖြစ်၊ မတောင်းဆိုဘဲ ဖြစ်ဖြစ် ပိတ်နေတယ်ဆိုရင် Facebookဟာ မြန်မာ့ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်နေတာလို့ ပြောရမှာပါ။
လက်ရှိမှာလည်း မြန်မာနိုင်ငံက နိုင်ငံခြားငွေများစွာကို ပြည်ပဆီကို စီးထွက်စေတဲ့ Facebook ဟာ အခွန်ရှောင်နေတာလည်း ဖြစ်နေပါတယ်။ သာမန်ပြည်သူတွေ သုံးစွဲနေတဲ့ Facebook အကောင့်တွေကို နောက်ယောင်ခံလိုက်တာ၊ Messenger တွ ကို စောင့်ကြည့်နေတာတွေ လုပ်နေသလား။ ဒီလိုမျိုးလုပ်ဖို့အတွက် အစိုးရနဲ့ Facebook ကြားမှာ ညှိနှိုင်းထားမှုတွေ ရှိနေနိုင်သလားဆိုတာ တွေးစရာပါ။
ဒါ့အပြင် Facebook ဟာ မေ ၅ ရက်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အကောင့်တု ၁၈ ခုနဲ့ သတင်းစာလိုမျိုး ပုံမှားရိုက်နေတဲ့ Page သုံးခုကို ဖယ်ရှားလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။ Facebook ဟာ အကောင့်တုတွေ ဖယ်ရှားတိုင်းမှာ ဒီလိုဖယ်ရှားလိုက်တဲ့ အကောင့်တုတွေဆိုရင် တပ်မတော်နဲ့ ဆက်စပ်တယ်ဆိုတာမျိုး၊ ရဲတပ်ဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတာမျိုးကိုပဲ အဓိက ထုတ်ပြန်တာကို တွေ့ရပါတယ်။ ဒီလိုဆိုရင် Facebook ဟာ မြန်မာ့တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကို ရန်သူလို သဘောထားနေတာလား မေးစရာ ဖြစ်လာပြန်ပါတယ်။ အကောင့်တုတွေသုံးစွဲပြီး ၀ါဒဖြန့်ချိတာတွေ၊ တိုက်ခိုက်တာတွေကို အဖွဲ့အစည်းတိုင်းလိုလိုက လုပ်ဆောင်ကြလေ့ရှိတဲ့အပြင် AA အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်ပြီးရေးသားကြတာကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်နဲ့ ဆက်စပ်တဲ့ အကောင့်တုတွေချည်း မဟုတ်ပါဘူး။ ဒီလိုမျိုး စကားတွေက အမုန်းစကားတွေဆိုရင် ဗုဒ္ဓဘာသာကို စော်ကားနေတဲ့ ပို့စ်တွေကို ဘာကြောင့် မဖြုတ်ပစ်လဲ၊ Report ထုတာတောင် ဘာကြောင့် ပို့စ်မဖျက်သလဲ။ ဒီလိုမျိုး လုပ်နေတဲ့ Facebook ရဲ့ စံနှုန်းတွေဟာ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူတွေရဲ့ စိတ်နှလုံးကို ထိခိုက်စေတဲ့ ဘက်လိုက်မှု ဖြစ်နေတာကို သဘောပေါက်ရဲ့လားဆိုတာ မေးခွန်းထုတ်ရတော့မှာပါ။
(၃)
Facebook ရဲ့ ဘက်လိုက်မှုတွေ၊ မြန်မာနိုင်ငံမှာ တရားမဲ့ပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး Eleven Media Group အနေနဲ့ အမြဲတမ်းလိုလို မေးခွန်းတွေ ပေးပို့မေးမြန်းခဲ့ပေမယ့် တိကျတဲ့အဖြေ ဘယ်တော့မှ မရခဲ့ဘဲ ဆင်ဝှေ့ရန် ရှောင်အဖြေတွေပဲ ရခဲ့ပါတယ်။ ဥပမာအားဖြင့် Facebook ဟာ တစ်နှစ်မှာ ဒေါ်လာ သန်း ၃၀၀ ကနေ သန်း ၅၀၀ ကြား ဝင်နေတယ်လို့ သုံးသပ်ကြတာတွေ ရှိနေပြီး ဒီလိုသာ တကယ်ဝင်နေမယ်ဆိုရင် Facebook ဟာ မြန်မာနိုင်ငံကို တစ်နှစ် ဒေါ်လာ သန်း ၁၀၀ လောက် အခွန်ထမ်းဆောင်ဖို့ ပျက်ကွက်နေတယ်လို့ ကောက်ချက်ချရမလို ဖြစ်နေတယ်လို့ မေးမြန်းခဲ့ရာမှာ Facebook က သူတို့ဟာ နိုင်ငံတစ်ခုချင်းစီရဲ့ ဝင်ငွေနဲ့ ပတ်သက်တဲ့ ခန့်မှန်းတွက်ချက်မှုတွေ၊ ကိန်းဂဏန်း အချက်အလက်တွေကို ဖော်ပြလေ့မရှိပါဘူးလို့ ပြောခဲ့ပါတယ်။
အစိုးရကို ဝေဖန်တာနဲ့ ပတ်သက်တာ၊ ဒါမှမဟုတ် အစိုးရတာဝန်ရှိသူတစ်ဦးရဲ့ နာမည်ကို ထိပါးတယ်လို့ ထင်တာတွေကိုလည်း အကြောင်းအရာ မည်မည်ရရမရှိဘဲ Facebook က ပိတ်သိမ်းတာ Facebook ရဲ့ Community Standard ကို ဖောက်ဖျက်တယ်ဆိုပြီး ပိတ်သိမ်းတာတွေ လုပ်ဆောင်တတ်လေ့ ရှိပါတယ်။ ဥပမာအားဖြင့် Aung Phyo အမည်နဲ့ Facebook အကောင့်အစစ် သုံးစွဲသူတစ်ဦးက “ အမေစု-ဂျင်း၊ အာလူး ပွဲရုံ လက်လီလက်ကားရောင်းဝယ်ရေး၊ ပုစွန်တောင်စျေးဆိုတဲ့ ဆိုင်းဘုတ်တစ်ခုကို သူ့ရဲ့ Friend တစ်ယောက်ကို Mention ခေါ်ပြီး ကွီးတင်မင်းထွန်းတို့က လုပ်ချလိုက်ပြန်ပြီဆိုပြီး Comment ပေးရာမှာ Facebook ရဲ့ Community Standard ကို ဖောက်ဖျက်တယ်ဆိုပြီး ပို့စ်တင်ခွင့်၊ Comment ပေးခွင့်၊ Massenger အသုံးပြုခွင့် တစ်လပိတ်လိုက်တာကို တွေ့ခဲ့ရပါတယ်။
အမေရိကန်လိုနိုင်ငံမှာတောင် သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပုံတွေကို ရုပ်ပြောင်လုပ်တာ၊ ရုပ်ပုံအတုလုပ်ပြီး ထိုးကြိတ်တာ စတဲ့ လုပ်ဆောင်မှုတွေ ရှိနေချိန်မှာ ‘အမေစု-ဂျင်း၊ အာလူး ပွဲရုံ လက်လီလက်ကား ရောင်းဝယ်ရေး၊ ပုစွန်တောင်စျေးဆိုတဲ့ ဆိုင်းဘုတ်တစ်ခုကို Comment ပေးမိရုံနဲ့ Facebook ရဲ့ Community Standard ကို ဖောက်ဖျက်တယ်ဆိုပြီး ပို့စ်တင်ခွင့်၊ Comment ပေးခွင့်၊ Massenger အသုံးပြုခွင့် တစ်လပိတ်လိုက်တာဟာ ဒီမိုကရေစီစံနှုန်းတွေကို သွေဖည်နေတာ တွေ့ရပါတယ်။ ဒီလိုမျိုး အကြောင်းကိစ္စ ရေရေရာရာ မရှိဘဲ အကောင့်တွေ ပိတ်တာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာလည်း Facebook က တိကျတဲ့အချက်အလက်တွေ မရှိဘူးလို့ဘဲ ဖြေခဲ့ပါတယ်။
ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးရဲထွန်းဟာဆိုရင်လည်း သူ့ရဲ့ Facebook မှာ VOA သတင်းဌာနက ရေးသားဖော်ပြခဲ့တဲ့ “NLD ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဘာကြောင့် မအောင်မြင်ရသလဲ” ဆိုတဲ့ ပို့စ်ကို Facebook ရဲ့ Community Standard နဲ့ မညီဘူးဆိုပြီး ပိတ်ချခဲ့့ပါတယ်။ ဦးရဲထွန်းက သူတို့ရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူကြောင်း တု့ံပြန်ခဲ့လို့ Facebook က တောင်းပန်ခဲ့ပြီး ပိတ်ထားတဲ့ပို့စ်ကို လူအများမြင်အောင် ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဒါဟာ Facebook Team ရဲ့ Professional Negligence လုပ်ရပ်ပါ။ ဒါ့အပြင် တိုင်းရင်းသားတွေအကြောင်း ရေးသားလေ့ရှိတဲ့ သတင်းစာဆရာ စိုင်းထွန်းအောင်လွင်က သူ့ရဲ့ တိုင်းရင်းသား အခွင့်အရေးနဲ့ဆိုင်တဲ့ ဆောင်းပါးတစ်ပုဒ်ကို BBC သတင်းဌာနမှာ ဖော်ပြခံရလို့ သူ့အကောင့်မှာ မျှဝေရာမှာလည်း Facebook ရဲ့ Community Standard နဲ့ မညီဘူးဆိုပြီး ပို့စ်ကို ဖြုတ်ချခံခဲ့ရပါတယ်။ ဒီလိုမျိုး ဖြစ်စဉ်တွေ ကြည့်မယ်ဆိုရင် Facebook Team ရဲ့ လုပ်ရပ်တွေဟာ စစ်အစိုးရလက်ထက်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ စာပေစိစစ်ရေးလိုမျိုး ဖြစ်လာနေတဲ့ ပုံစံဖြစ်နေပါတယ်။ အစိုးရကို ဘက်လိုက်မယ်။ ရထားတဲ့နေရာလေး တည်မြဲဖို့အတွက် အစိုးရကို ဝေဖန်ထောက်ပြတာနဲ့ ပို့စ်ဖျက်မယ်ဆိုတဲ့ လုပ်ရပ်တွေဟာ စာပေကင်ပေတိုင် လုပ်ရပ်နဲ့ တစ်ပုံစံတည်း တူနေတဲ့အပြင် ဒါဟာ Facebook Team ရဲ့ Professional Negligence ပါ။
ဒါ့အပြင် Facebook မှာ ပွဲဆူသွားခဲ့တာက Nay Yan Oo အမည်နဲ့ Facebook သုံးစွဲသူက ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို တရားစွဲမယ်ဆိုတဲ့အကြောင်း Facebook မှာ တင်ခဲ့ရာမှာ Facebook ရဲ့ Community Standard နဲ့ မညီဘူးဆိုပြီး ပို့စ်ကို ဖြုတ်ချလိုက်ပါတယ်။ Nay Yan Oo အမည်နဲ့ Facebook သုံးစွဲသူဟာ အကောင့်အစစ်အမှန်နဲ့ သုံးစွဲသူဖြစ်တဲ့အပြင် သူဟာ အစိုးရအဖွဲ့ရဲ့ အားနည်းချက်တွေကို ဝေဖန်ထောက်ပြလေ့ရှိတဲ့သူ ဥထ်သမိ တက္ကသိုလ်က Master of Public Policy Candidate တစ်ဦးပါ။
Nay Yan Oo ဟာ အကောင့်အစစ်နဲ့ အစိုးရကို မကြာခဏ ဝေဖန်ထောက်ပြလေ့ရှိပြီး ဒီလိုမျိုး ဝေဖန်ထောက်ပြတဲ့အခါတိုင်း Facebook က Nay Yan Oo အကောင့်တစ်ခုစလုံးကို ပိတ်တာ၊ တင်ထားတဲ့ ဓာတ်ပုံတွေ ဖျက်ပစ်တာမျိုးတွေနဲ့ Facebook က တိုက်ခိုက်တယ်လို့ သူ့ရဲ့ Page မှာ မတ် ၂ ရက်က ပို့စ်တင်ခဲ့ပါတယ်။
NLD အစိုးရအဖွဲ့ဝန်ကြီးတွေကို ဝေဖန်တဲ့အခါတိုင်းမှာ Nay Yan Oo အကောင့်ဟာ အကြောင်းအရာ မည်မည်ရရမရှိဘဲ စွပ်စွဲချက်မျိုးစုံနဲ့ Facebook ရဲ့ တိုက်ခိုက်မှုတွေ ခံနေရတာနဲ့ ပတ်သက်ပြီး Facebook Myanmar Team ရဲ့ တာဝန်ရှိသူအချို့ရဲ့ Professional မဆန်တဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး Facebook Myanmar Team ဟာ NLD အစိုးရအပေါ်မှာ မျက်နှာသာပေးတာ၊ ဘက်လိုက်တာတွေ လုပ်ဆောင်နေတာမျိုး ဆက်မလုပ်ဖို့၊ Facebook ရဲ့ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းတွေကို လိုက်နာဖို့အတွက် Eleven Media Group က သတင်းထောက် မေးမြန်းခဲ့ရာမှာလည်း Facebook က သူတို့ဟာ ရွေးကောက်ပွဲတွေကို မှန်ကန်မျှတရေး ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်လို့ တာဝန်ရှိသူတစ်ဦးက တုံ့ပြန်ခဲ့တာကလွဲရင် ကောင်းမွန်ပြည့်စုံတဲ့ အဖြေတော့ မရခဲ့ပါဘူး။
မြန်မာနိုင်ငံလို ပဋိပက္ခများတဲ့ နိုင်ငံလေးဟာ လူထု တစ်ရပ်လုံးသုံးစွဲလာတဲ့ လူမှုကွန်ရက် Facebook ပေါ်မှာ အစိုးရကို ဘက်လိုက်နေတဲ့ Facebook Team ရဲ့ တာဝန်ရှိသူအချို့ကို Facebook ဟာ ဖော်ထုတ်စိစစ်နိုင်ဖို့ လိုအပ်လာပါတယ်။ အစိုးရအပေါ် ဘက်လိုက်ပြီး နိုင်ငံရေးအရ အသုံးချခံနေရတဲ့ Facebook Team ရဲ့ တာဝန်ရှိသူတချို့ရဲ့ မူမမှန်မှုတွေကြောင့်ပဲ Facebook ရဲ့ Community Standard တွေဟာ ဝေဖန်ခံနေရသလားဆိုတာ Facebook တာဝန်ရှိသူတွေက လေ့လာအဖြေရှာဖို့ လိုနေပါတယ်။
“ မြန်မာနိုင်ငံလို နိုင်ငံကငယ်ပြီး ပဋိပက္ခတွေ၊ ပြဿနာတွေများတဲ့ အခြေအနေမှာ Facebook ရဲ့ Double Standard လို ဖြစ်နေတဲ့ ပေါ်လစီနဲ့မူဝါဒတွေက မေးခွန်း ထုတ်စရာဖြစ်နေပါတယ်။ လက်ခံနိုင်စရာ မရှိပါဘူး။ သူတို့ရဲ့ အငြင်းပွားစရာ လုပ်ဆောင်မှုတွေဟာ ၂၀၂၀ မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးအတွက်ပါ သံသယဝင်စရာ ဖြစ်စေပါတယ်။ အစိုးရနဲ့ အတိုက်အခံပါတီတွေကြား၊ အာဏာရပါတီနဲ့ ကျန်ပါတီတွေအကြား ဘက်လိုက်တဲ့ပုံစံမျိုး ဖြစ်နေမယ်။ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်တဲ့ ပုံစံမျိုးဖြစ်နေမယ်ဆိုရင် လက်ခံနိုင်စရာ မရှိဘူး။ ဒါကြောင့် Facebook အနေနဲ့ Globally ထုတ်ပြန်ထားတဲ့ မူဝါဒနဲ့ အခြားနိုင်ငံတွေမှာ လုပ်ဆောင်တဲ့ ပေါ်လစီအတိုင်း မြန်မာမှာလည်း ကျင့်သုံးသွားရမယ်ဆိုတာ သတိပြု ပြင်ဆင်ပေးဖို့လိုပါမယ်။ အစိုးရပဲဖြစ်ဖြစ်၊ အတိုက်အခံပဲဖြစ်ဖြစ် ဘက်တစ်ဖက်ဖက်ကို လိုက်ပြီး လုပ်ဆောင်နေတဲ့ပုံစံမျိုးဆိုရင်တော့ ဒီမိုကရေစီအတွက် အန္တရာယ်ဖြစ်စေပါလိမ့်မယ်။ ဒါဆိုရင် မြန်မာနိုင်ငံက Facebook သုံးစွဲသူတွေအနေနဲ့လည်း လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အစိုးရကို ဝေဖန်တဲ့အကောင့်တွေ ဖြုတ်ချတာတို့၊ ပိတ်ပင်တာတို့ကို Facebook အနေနဲ့ အကြောင်းပြချက်မရှိဘဲ လုပ်လို့မရပါဘူး။ ကမ္ဘာမှာလည်း Facebook ရဲ့ ပေါ်လစီက အဲဒီလိုမရှိဘူးလို့ ပြောထားရင် မြန်မာနိုင်ငံမှာ ဒီလိုဖြစ်နေတာတွေအပေါ် Facebook က စုံစမ်းစစ်ဆေး ဖော်ထုတ်သင့်ပါတယ်။ ဒါဟာ ဘာကြောင့်ဖြစ်နေတာလဲ၊ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ တကယ်လို့ Facebook Myanmar Team က ဝန်ထမ်းတွေထဲမှာ ဘက်လိုက်ပြီး လုပ်နေတာမျိုးတွေရှိခဲ့မယ်ဆိုရင် Facebook အနေနဲ့ စုံစမ်းအရေးယူသင့်တယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း လူမှုကွန်ရက်နဲ့ဆိုင်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားပြီးသား ဖြစ်တဲ့အတွက် Facebook ပေါ်မှာ ဝေဖန်တာ ရေးသားတာတွေနဲ့ပတ်သက်ရင် မှားတာ၊ မှန်တာကို ဥပဒေအတိုင်း သွားလို့ ရပါတယ်။ တချို့ဟာတွေမှာ Facebook ရဲ့ Community Standard နဲ့ ငြိလို့ ပိတ်တယ် ဖြုတ်ချတာတွေကို ပြောစရာမရှိပေမယ့် အစိုးရကို ဝေဖန်ရုံနဲ့ အကောင့်တွေပိတ်တာ ဖြုတ်ချတာတွေကိုတော့ လုပ်လို့မရပါဘူး။ Facebook အနေနဲ့ လုပ်ခွင့်လည်း မရှိပါဘူး။ အကြောင်းပြချက်မရှိဘဲ အကောင့်တွေ ဖြုတ်ချတာ၊ ပိတ်ပစ်တာတွေဟာ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုခွင့်တွေကို ထိပါးရာရောက်တယ်ဆိုတာ Facebook အနေနဲ့ သတိပြုဖို့ လိုပါမယ်” လို့ Facebook ရဲ့ မြန်မာနိုင်ငံမှာ လုပ်ဆောင်တဲ့ စံနှုန်းတွေက အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာပေါ်မှာ Facebook အသုံးပြုနေတဲ့ နိုင်ငံတွေနဲ့ ကွာခြားနေတဲ့အပေါ်မှာ The Daily Eleven Newspaper အယ်ဒီတာချုပ်ကို ကျော်ဇောလင်းက သူ့အမြင်ကို ပြောပါတယ်။
NLD အစိုးရလက်ထက်မှာ မီဒီယာ လွတ်လပ်ခွင့် ပိုပြီးမြင့်တက်လာနိုင်မယ်လို သတင်းထောက်တွေက အကောင်းမြင်စိတ် ရှိခဲ့ကြပေမယ့်လည်း အစိုးရရဲ့ ဆက်တိုက်ပျက်ကွက်မှုတွေကြောင့် စိတ်ပျက်စရာ အဖြစ်ကို ပြောင်းလဲသွားတဲ့အပြင် သတင်းလွတ်လပ်ခွင့်ကလည်း သုံးနှစ်ဆက်တိုက် ကျဆင်းနေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ကလည်း အလွန်နိမ့်ကျနေတယ်လို့ FEM (Free Expression Myanmar) ရဲ့ “ လွတ်လပ်မျှတခြင်းများ ဆုံးရှုံးနေသော မြန်မာ့မီဒီယာ” စစ်တမ်းမှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ တကယ်လည်းပဲ NLD အစိုးရလက်ထက်မှာ မီဒီယာလွတ်လပ်ခွင့်တွေ၊ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေက ကျဆင်းနေပြီးတော့ ၁၀၅၁ ဦးထက်မနည်းတဲ့ လူတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ကန့်သတ်တဲ့ ဥပဒေတွေ၊ ပုဒ်မတွေနဲ့ တရားစွဲခံခဲ့ရတယ်လို့ အသံအဖွဲ့က ဖော်ပြခဲ့ပါတယ်။ ဒီလိုမျိုး NLD အစိုးရလက်ထက် လူဦးရေ ထောင်နဲ့ချီ တရားစွဲခံရပြီး ပြည်သူ့လွတ်လပ်ခွင့် ရိုက်ချိုးမှုတွေမှာလည်း Facebook က တစ်တပ်တအား ပါဝင်အားဖြည့်ထားပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်က သူတို့ကို ဝေဖန်တယ်လို့ ယူဆပြီး တရားစွဲဆိုမှုအများစုက Facebook ပေါ်မှာ ရေးသားတာတွေနဲ့ ပတ်သက်လို့ပါ။ ဒီလိုမျိုးဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သတင်းစာဆရာ ၂၂၀ ကို မေးခွန်းမေးမြန်းထားတဲ့ FEM ရဲ့ “လွတ်လပ်မျှတခြင်းများ ဆုံးရှုံးနေသော မြန်မာ့မီဒီယာ” စစ်တမ်းမှာ “ မီဒီယာ လွတ်လပ်ခွင့်အတွက် ခြိမ်းခြောက်မှုအသစ်တစ်ရပ် ထွက်ပေါ်လာပြီးနောက် အင်တာနက်နှင့်ပတ်သက်သည့် အပေါင်းသဘောဆန်သည့် အမြင်များမှာ တစ်စတစ်စဆုတ် ယုတ်လျော့ပါးလာခဲ့သည်။ သတင်းထောက် သုံးပုံတစ်ပုံနှင့် အယ်ဒီတာထက်ဝက်ခန့်က ၎င်းတို့၏ ဂျာနယ်လစ်အလုပ်နှင့်ဆိုင်သည့် အရေးအသားများသည် Facebook ၏ Community Standard ကို ချိုးဖောက်သည်ဟူသော သတိပေးချက် အပို့ခံရဖူးသည်ဟု ဆိုသည်။ သတင်းထောက်တစ်ဝက်ကလည်း ၎င်းတို့၏ အရေးအသားများကို Facebook က ဖြုတ်ချခဲ့သည်ဟု ဆိုသည်။ အမျိုးသားသတင်းထောက်များသည် အမျိုးသမီး သတင်းထောက်များထက် ပို့စ်ရေးသားမှုကြောင့် သတိပေးချက်ပိုထိကြသလို Facebook ပေါ်မှလည်း ပိုဖြုတ်ချခံရလေ့ရှိသည်” လို့ စစ်တမ်းရလဒ် ရေးသားဖော်ပြခဲ့ပါတယ်။
ဒီအခြေအနေတွေကို ကြည့်မယ်ဆိုရင် Facebook ဟာ အတိုက်အခံတွေကိုသာမက အစိုးရကို ဝေဖန်ထောက်ပြရတဲ့ အလုပ်လုပ်ကိုင်ရတဲ့ သတင်းထောက်တွေကိုပါ ပစ်မှတ်ထားနေတဲ့ အခြေအနေမြင်ရတယ်လို့ သုံးသပ်မှုတွေ ရှိလာပါတယ်။
“ ကျွန်တော့်အမြင်အရ ပြောမယ်ဆိုရင် ကျွန်တော်တို့ Share တဲ့ဟာတွေဆိုရင် ပထမတစ်ခုဆိုရင် သတင်းဆောင်းပါးပေါ့။ VOA မှာ ကျွန်တော်ဆွေးနွေးတယ်ပေါ့။ COVID-19 ကာလနဲ့ သတင်း အချက်အလက်ဟာမျိုးတွေ ပါတယ်။ အဲဒီတော့ ကောလာဟလထိန်းဖို့ဆိုရင် အစိုးရက အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်တာမျိုး မလုပ်ရင် ဒီကောလာဟလက ပိုအလေးသာစေနိုင်မယ် ဆိုတာမျိုးတွေပါတယ်။ အဲဒီဟာကြီးကို ဖြုတ်ချတာ တွေ့ရတာပေါ့။ နောက်တစ်ခုက BBC က ဆောင်းပါးတစ်ခုပဲ။ အဲဒါကလည်း အစိုးရနဲ့ နည်းနည်းပတ်သက်တာပေါ့။ ဒါပေမယ့် တစ်ရက်တည်းမှာပဲ အဲဒီလိုဖြစ်တဲ့ဟာတွေ တွေ့တယ်။ ပထမတော့ Error လား ဘာလားလို့ ထင်သေးတယ်။ ဒါပေမယ့် မဟုတ်ဘူး။ အဲဒီလိုဟာမျိုးတွေက ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ဖြစ်တယ်။ တချို့ဆောင်းပါးတွေ ဘာတွေဖြစ်တော့ နည်းနည်းတော့ သံသယဝင်တာပေါ့။ ဥပမာ Facebook Myanmar Team တို့ ဖွဲ့ထားတဲ့ဟာတွေက ပထမတစ်ချက်က Community Standard မညီဘူးဆိုတဲ့ဟာက ဒီလိုဖျက်ဖျက်ချနေတဲ့ ဟာတွေက ဘာပဲပြောပြော ကျွန်တော်တို့ ရေးတယ်သားတယ် ဆိုတာကလည်း မိုက်မိုက်ရိုင်းရိုင်းတွေ ရေးနေတာ မဟုတ်ဘူး။ အစိုးရလိုအပ်တာတွေ နည်းနည်းပါးပါး ထောက်ပြတာရှိတယ်။ မူဝါပိုင်းဆိုင်ရာ အားနည်းတာတွေကို သတင်းစာဆရာအမြင်နဲ့ ထုံးစံအတိုင်း ပြတဲ့ဟာတွေကို ကျွန်တော် တွေ့မြင်ရသလောက်ပြောမယ်ဆိုရင် Facebook က တစ်ဖက်စောင်းနင်းဖြစ်တဲ့ ဟာတွေ နည်းနည်းတွေ့ရတာပေါ့။ အထူးသဖြင့်တော့ အာဏာရဆိုတာထက်ကို Facebook အခြေအနေအရဆို မြန်မာပြည်မှာ သူ Neutral ပို ဖြစ်သင့်တယ်။ နိုင်ငံတကာမှာလည်း သူ မြန်မာအရေးနဲ့ ရှင်းရတာတွေ ရှိတော့ အဲဒီလိုအခြေအနေမျိုးမှာ ဘာဖြစ်လို့ သတင်းသမားတွေ၊ တခြားနိုင်ငံရေးသမားတွေရဲ့ Facebook ပို့စ်တွေကို နည်းနည်းပါးပါး ပိုပြီးတော့ စောင့်ကြည့်ပြီးမှ မလုပ်လည်းတော့ မသိဘူး။ အဲဒါသည် ၂၀၂၀ ရွေးကောက်ပွဲအတွက် ထည့်ပြီးစဉ်းစားရင်တော့ ဒါဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ကြည့်မယ်ဆိုရင်တော့ Facebook က မြန်မာပြည်မှာ တစ်ဦးတစ်ယောက်အတွက် အဖွဲ့အစည်းတစ်ခုအတွက် ပိုပြီးတော့မှ နည်းနည်းလေး မသိမသာစောင်းနေတဲ့ သဘောလားလို့ တပ်အပ်မဟုတ်ရင်တောင် အဲဒီလိုမျိုး ခံစားမှုဖြစ်စေတယ်။ ကျွန်တော်တို့ Facebook သုံးသူတွေအနေနဲ့ အဲဒီသဘောလေး တွေ့နေရတယ်” လို့ Facebook ကနေပြီး သတင်းထောက်တွေ၊ အတိုက်အခံပါတီတွေရဲ့ အကောင့်တွေ ပို့စ်တွေ ဖြုတ်ချပြီး အဖွဲ့အစည်းတစ်ခုအပေါ် ဘက်လိုက်မှုရှိနေတယ်လို့ သူယူဆမှုအပေါ် တိုင်းရင်းသားသတင်းစာဆရာ စိုင်းထွန်းအောင်လွင်က ပြောကြားပါတယ်။
လက်ရှိအခြေအနေမှာ Facebook ရဲ့ ရပ်တည်မှုကို ခြုံငုံကြည့်မယ်ဆိုရင် သူတို့ဟာ အစိုးရနဲ့ လက်ဝါးချင်းရိုက်ထားသလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေတဲ့အပြင် ၂၀၂၀ ရွေးကောက်ပွဲအတွက်ပါ စိုးရိမ်စရာအဖြစ် ရှုမြင်နေရပါတယ်။ ဒီလိုအခြေအနေတွေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ မျှတတဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဖြစ်မြောက်ဖို့ဆိုရင် Facebook အပေါ် နိုင်ငံရေးပါတီတွေတိုင်းက မေးခွန်းထုတ်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။
“ မျှတတဲ့ ရွေးကောက်ပွဲဆိုတာထက်ကိုတွေ Facebook Account တွေ ဖျက်နေတယ်ဆိုတာကိုက Freedom of Speech ကို ထိခိုက်လာပြီလေ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ မြဝတီ၊ ငွေတာရီမဂ္ဂဇင်းရဲ့ Page တွေပါ အဖျက်ခံလိုက်ရပြီလေ။ ကျွန်တော်တို့အကောင့်တွေလည်း ဖျက်ခံရတယ်။ အခုဆိုရင် ဒေါ်ယဉ်မင်းမြင့်ဆွေ USDP ရဲ့ ပြောရေးဆိုခွင့်ရှိသူ အကောင့်တွေပါ အဖျက်ခံလိုက်ရတယ်။ ကျွန်တော်တို့ ပါတီတွေအနေနဲ့လည်း ထုတ်ပြန်ချက်တွေ ကြေညာချက်တွေ ထုတ်ပြီဆိုရင် Facebook ကနေ Reach တွေ ပျံ့နှံ့တာတွေ ရောက်တာနည်းအောင် တစ်ခုခုလုပ်ထားသလို ခံစားရတယ်။ အရင်တုန်းကလို လူမြင်အောင် ငါး ဒေါ်လာဖိုးလောက် Boost လုပ်တယ်ဆိုရင် လူဦးရေ ၃၀၀၀၀ လောက်မြင်သွားတယ်ဆိုရင် အခု ၁၀၀၀၀ တောင် မမြင်တော့ဘဲ လူ ၅၀၀၀ လောက်ပဲ မြင်တယ်။ ကျွန်တော်တို့ကို Reach တွေ လျှော့ချခံထားရတယ်။ အဲဒါကလည်း တစ်ဖက်လှည့်နည်းနဲ့ဆိုရင် အတိုက်အခံပါတီတွေက ပြောဆိုတာတွေကို ပြည်သူမသိအောင် လုပ်တယ်လို့ပဲ ကျွန်တော်တို့က ပြောရမှာပဲ။ အဲဒီလိုလုပ်ခြင်းကြောင့်လည်း တစ်ဖက်တစ်လမ်းမှာ ရွေးကောက်ပွဲမှာ အသာစီးရသွားနိုင်တယ်။ အခြားသူတွေပြောတာကို ပြည်သူတွေ ဘာမှမမြင်ဘဲနဲ့ သူတို့ ပြောတာတွေပဲ ပြည်သူတွေမြင်ပြီးတော့ ရွေးကောက်ပွဲမှ အသာစီးရသွားနိုင်တယ်လို့ NDF ပါတီရဲ့ ရန်ကုန်တိုင်း အတွင်းရေးမှူး ဦးအောင်ပြည့်ဖြိုးမောင်က အတိုက်အခံပါတီတွေရဲ့ အကောင့်တွေ၊ ပြောရေးဆိုခွင့်ရှိသူတွေရဲ့ အကောင့်တွေကိုက Facebook ပိတ်ချနေတာကြောင့် အစိုးရဟာ ရွေးကောက်ပွဲမှာ အသာစီးရသွားနိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။
အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်နဲ့ Facebook က လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့ FEM ရဲ့ “ လွတ်လပ်မျှတခြင်းများ ဆုံးရှုံးနေသော မြန်မာ့မီဒီယာ” စစ်တမ်းမှာလည်း “ မီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ဖို့ ပြင်းပြတဲ့ဆန္ဒနဲ့ ရွေးကောက်ပွဲ ကတိကဝတ်ပြုပါ” လို့ အကြံပြုခဲ့တာကို တွေ့ရပါတယ်။ မီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ပြီး အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်နဲ့ သူတို့ကြားက ဆက်နွှယ်မှုတွေနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ Facebook ဟာ ဘက်မလိုက်ဖို့ တောင်းဆိုတာမျိုး၊ ရွေးကောက်ပွဲ ကတိကဝတ်ပြုပြီး ဘက်မလိုက်ဖို့ တောင်းဆိုတာတွေကပဲ မျှတတဲ့ရွေးကောက်ပွဲနဲ့ အမေရိကန်လို တခြားနိုင်ငံကြီးတွေရဲ့ အဖွဲ့အစည်းတွေကနေ မြန်မာ့ရွေးကောက်ပွဲ ဝင်မပါတဲ့ တရားမျှတမှုကို ဖြစ်စေပါလိမ့်မယ်။ ဒီလိုမျိုး အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်နဲ့ သူတို့ကြားက ဆက်နွှယ်မှုတွေနဲ့ Facebook ရဲ့ ဘက်လိုက်မှုတွေကို မထိန်းချုပ်နိုင်ဘူး ဆိုရင်တော့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်လာနိုင်ဘူးဆိုတာကို ကြိုတင်သတိချပ်စေလိုပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်