Top News

ကုန်ပစ္စည်းများနှင့် နိုင်ငံခြားငွေများအား  စျေးကစားရန်နှင့် စီးပွားရေး ကမောက်ကမ ဖြစ်စေရန် ကျပ်နှစ်သောင်းတန် ငွေစက္ကူနှင့် ပတ်သက်၍ ကောလာဟလများ ထုတ်လွှင့်နေခြင်းဖြစ်ဟု ဗဟိုဘဏ် တုံ့ပြန်
24htopnews | January 9, 2025 4:12 PM CST

ကုန်ပစ္စည်းများနှင့် နိုင်ငံခြားငွေများ ဈေးကစားရန်၊ စီးပွားရေး ကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် နှစ်သောင်းကျပ်တန် ငွေစက္ကူနှင့်ပတ်သက်၍ ကောလာဟလများကို ထုတ်လွှင့်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြောကြားသည်။

လူမှုကွန်ရက်တွင် ကျပ်နှစ်သောင်းတန် ငွေစက္ကူများနှင့်ပတ်သက်၍ ကောလာဟလများ ဖြန့်ဝေနေခြင်းကြောင့် နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ကျပ်နှစ်သောင်းတန် ငွေစက္ကူများအား ဈေးကွက်အတွင်းသို့ အမှန်တကယ် ဖြန့်ဝေခြင်း ရှိ/မရှိကို မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် ဗဟိုဘက်မှ အထက်ပါအတိုင်း ထည့်သွင်းဖြေကြားထားခြင်း ဖြစ်သည်။

ကျပ်(၂၀၀၀၀)တန်နှင့်ပတ်သက်၍ ပြည်သူလူထုအကြား ကောလာဟလသတင်းများ ထုတ်လွှင့်၍ ကုန်ပစ္စည်းများဈေးကစားရန်၊ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေများအား ဈေးကစားရန်၊ တည်ငြိမ်နေသည့် ငွေကြေးဈေးကွက်နှင့် ရွှေဈေးကွက်များ ပျက်ပြားစေရန်၊ နိုင်ငံတော်၏စီးပွားရေး ကမောက်ကမဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် မသမာသူများမှ ဆောင်ရွက်နေကျပုံစုံ အတိုင်း ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်းနှင့် ကျပ် (၂၀၀၀၀)တန်နှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတင်းမှန်များအား အကြိမ်ကြိမ်ထုတ်ပြန်ပြီးဖြစ်ကြောင်း ဗဟိုဘဏ်က ပြောကြားသည်။

ယခုကာလတွင် နိုင်ငံခြားငွေဈေးနှုန်းများနှင့်စပ်လျဉ်း၍ နှစ်စဉ် ကောလာဟလထုတ်လွှင့်၍ ဈေးကစားတတ်သည့် ကာလလည်းဖြစ်သည်ကို အများပြည်သူများ သိရှိပြီးဖြစ်ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးနှင့်ပတ်သက်၍ FX Market Online Trading Platform မှတဆင့် နေ့စဉ်သွင်းကုန်လုပ်ငန်းရှင်များသို့ နိုင်ငံခြားငွေများအား ရောင်းချပေးနေသည့်အပြင် နိုင်ငံခြားငွေ အရောင်းအဝယ်ဈေးနှုန်းများနှင့် ပမာဏများ၊ ရည်ညွှန်ဈေးနှုန်းများကို ဗဟိုဘဏ်၏ Website တွင်  နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေဈေးနှင့်ပတ်သက်၍ ဓာတ်သတ္ထု(ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီမှ နေ့စဉ်ထုတ် သတင်းစာများတွင် ထုတ်ပြန်ပေးလျက်ရှိပါပြီး အဆိုပါဈေးနှုန်းများထက် ပိုရောင်းသူများအား အရေးယူသွားမည်ဖြစ်ကြောင်းကိုလည်း သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားကြောင်း သိရသည်။

ယခုကဲ့သို့ အများပြည်သူများ ဒုက္ခရောက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းတုသတင်းယောင် ထုတ်လွှင့်သူများအားလည်း ထိရောက်စွာအရေးယူနိုင်ရေးအတွက် ဗဟိုဘဏ်အနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စိစစ်ဖော်ထုတ်အရေးယူသွားရန် စီစဉ်လျက်ရှိပါကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း ကောလာဟလထုတ်ပြန်ထားသည့် ဒေါ်လာဈေးနှင့်ရွှေဈေးများကို စိစစ်ပြီးမှ အရောင်းအဝယ်ပြုလုပ်ကြရန် ဗဟိုဘဏ်မှ အသိပေးထားသည်။


READ NEXT
Cancel OK