
ဧရာဝတီမြစ်အတွင်း အနိမ့်တမံများ တည်ဆာက်၍ လျှပ်စစ်ထုတ်ယူနိုင်ရေး ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နိုင်ငံတော် ဝန်ကြီးချုပ်ရုံး၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။
ဇန်နဝါရီ ၇ ရက်က နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင် ရန်အတွက် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ (၁/၂ဝ၂၅) အစည်းအဝေးတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိုင်ငံတော်အနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ဖွဲ့စည်းပေးခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍ(၂)ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးကို ကော်မရှင်အဖွဲ့ဝင်များနှင့် ပညာရှင်များ၏ တတ်သိကျွမ်းကျင်မှုများဖြင့် ခေတ်စနစ်နှင့်လျော်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း (Development Trends) ရရှိနိုင်ရေးနှင့် လတ်တလော အောင်မြင်စွာ ဖြေရှင်းနိုင်မည့် ဦးစားပေးဆောင်ရွက် သင့်သည့် လုပ်ငန်းများ တိုင်ပင်ညှိနှိုင်း အဖြေရှာသွားကြရမည်ဖြစ်ကြောင်း၊ ပြည်သူတို့၏ နေ့စဉ်လူနေမှုဘဝ တိုးတက်မြင့်မားရေး၊ ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ပိုမို ဝင်ရောက်လာစေရေးအတွက်လျှပ်စစ်နှင့် စွမ်းအင်ရရှိရေးသည် အရေးကြီးသည့် အခြေခံအဆောက်အအုံ(Infrastructure) ဖြစ်နေသည့်အတွက် ကဏ္ဍ(၂) ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်နိုင်ရန် ကော်မရှင်ကို ဖွဲ့စည်းပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
လျှပ်စစ်ကဏ္ဍတွင် မိမိတို့နိုင်ငံရှိ လျှပ်စစ်ထုတ်လုပ်နိုင်သည့် အရင်းအမြစ်အမျိုးမျိုးရှိရာ ရေအားနှင့် သဘာဝ ဓာတ်ငွေ့တို့အပေါ် အဓိကမှီခိုနေရကြောင်း ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) အသုံးပြုမှုကို ယခုထက်ပိုမိုတွင်ကျယ်အောင် ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အားရရှိရန် လိုအပ်လျက်ရှိသည့်အတွက် သဘာဝဓာတ်ငွေ့ရည် (LNG)သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအနေအထားအရ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးပို့မရခြင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းခြင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းများကြောင့် လျှပ်စစ်ဓာတ်အားအပြည့်အဝ မထုတ်လုပ်နိုင်သည့်အပြင် သဘာဝဘေးဒဏ်ဖြစ်သည့် ရေကြီးရေလျှံခြင်းများကြောင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများ လည်ပတ်မောင်းနှင်၍မရသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသော ကာလဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဆက်လက်ပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးတွင်လည်း ရရှိသမျှ လျှပ်စစ်ဓာတ်အားနှင့် အချိန်လိုက်အုပ်စုခွဲပြီး လျှပ်စစ်ဓာတ်အားသုံးသူများကို တတ်နိုင်သလောက် အဆင်ပြေချောမွေ့အောင် ဖြန့်ဖြူးပေးနေကြောင်း၊ ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် လူစွမ်းအား အရင်းအမြစ်၊ နည်းပညာနှင့် ရင်းနှီးမြုပ်နှံမှုတို့သည် အဓိကကျသည့်အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကို ဖိတ်ခေါ်ဆောင်ရွက်ရန်နှင့် ရင်းနှီးမြှုပ်နှံသူကို ဆွဲဆောင်နိုင်ပြီး အကာအကွယ်ပေးနိုင်သည့် မူဘောင်များဖြစ်ရန်လိုအပ်ပြီး သက်ဆိုင်ရာဥပဒေမူဝါဒ လုပ်ထုံးလုပ်နည်းများကို ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ မကွေး တိုင်းဒေသကြီး ခရီးစဉ်အတွင်း နေရောင်ခြည် စွမ်းအင်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန်နှင့် ဧရာဝတီမြစ်ရေကိုထိန်း၍ ရသည့်နေရာများ၌ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အနိမ့်တမံများ တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း၊ ဧရာဝတီမြစ်အတွင်း အနိမ့်တမံများ တည်ဆောက်၍ လျှပ်စစ်ထုတ်ယူနိုင်သည့် နေရာ ၁၆ ခု ရှိပြီး ဦးစားပေးလေးနေရာအနက်မှ အသင့်လျော်ဆုံးတစ်နေရာကို အကျိုးအပြစ်များနှင့်အတူ ပြန်လည်တင်ပြရန် လမ်းညွှန်မှုပြုထား၍ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် ပညာရှင်များက အကြံပြုဆွေးနွေးပေးစေလိုကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတကာတွင်လည်း ဆိုလာစွမ်းအင်ကို ဦးစားပေးဆောင်ရွက်နေသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့်လည်း နိုင်ငံတကာတွင် ကျင့်သုံးနေသည့်နည်းတူ Renewable Energy အား အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး အဆောက်အအုံသစ်များ တည်ဆောက်မည်ဆိုက ဆိုလာစနစ်ပါ တပ်ဆင်အသုံးပြုရေးနှင့် ပိုလျှံလျှပ်စစ်များအား National Grid အတွင်း ပေးသွင်းနိုင်ရေးအတွက် ဥပဒေ၊ အမိန့် ကြော်ငြာစာများ ထုတ်ပြန်နိုင်သည်အထိ ဆောင်ရွက်သွားရမည်ဖြစ်၍ အားလုံးကအကြံပြုဆွေးနွေးပေးစေလိုပါကြောင်း၊ စွမ်းအင်ကဏ္ဍအနေဖြင့်လည်း ကုန်းတွင်း၊ ကမ်းလွန်လုပ်ကွက်သစ်များ၊ လုပ်ကွက်ဟောင်းများ ပြန်လည်အဆင့်မြှင့်တင်ခြင်းများ၊ ရေနံချက်လုပ်ခြင်း လုပ်ငန်းများအတွက် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားရမည်ဖြစ်၍ ဆောင်ရွက်သင့်သည်များကို အကြံပြုပေးစေလိုကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်လိုအပ်ချက်သည် ယခုထက်ပိုပြီး ဆက်လက် မြင့်တက်နေဦးမည်ဖြစ်၍ လုံလောက်ဖူလုံစွာ ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်နေဦးမည်ဖြစ်ကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်အဖွဲ့ဝင်များကလည်း မိမိတို့နှင့် သက်ဆိုင်သည့် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးဆိုင်ရာ လက်ရှိဆောင်ရွက်ချက်များ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဆက်လက် ဆောင်ရွက်ရမည့် အနာဂတ်အစီအစဉ်များကို တင်ပြသွားကြစေလိုကြောင်း ၎င်းက ပြောကြားသည်။
ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ကော်မရှင်ဒုတိယဥက္ကဋ္ဌ(၂) စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့က လျှပ်စစ်နှင့်စွမ်းအင် ထုတ်ယူသုံးစွဲနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲ၊ နောင်ဆက်လက်ဆောင်ရွက် ရမည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နိုင်ငံတော် ဝန်ကြီးချုပ်ရုံး၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကော်မရှင်ဒုတိယဥက္ကဌ များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် မြန်မာ နိုင်ငံအင်ဂျင်နီယာကောင်စီမှ တာဝန်ရှိသူ တစ်ဦး တက်ရောက်ကြပြီး ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်