
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမပေါ်ရှိ ကွတ်ခိုင်မြို့တွင် သြဂုတ် ၃၁ ရက်က တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံငါးဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့တွင် တိုက်ပွဲများဖြစ်ပွားမှုသည် နံနက် ၇ နာရီခန့်တွင် လားရှိုးမြို့ဘက်မှ ကွတ်ခိုင်မြို့အဝင် ရပ်ကွက် (၈) ၊ နတ်စင်ကုန်းအနီးတွင် စတင်ဖြစ်ပွားခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် ကွတ်ခိုင်မြို့မှ မူဆယ်ဘက်သို့အထွက် တိုးဂိတ်အနီးရှိ ပတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တစ်မနက်လုံး သေနတ်သံတွေ ကြားနေရတယ်။ မြို့ထဲမှာလည်း ဘယ်သူမှ အပြင်မထွက်ရဲဘူး။ စျေးဆိုင်တွေလည်း ဘယ်သူမှ မဖွင့်ဘူး။ အကုန်လုံး တံခါးတွေပိတ်ပြီး ကိုယ့်အိမ်မှာ ကိုယ်နေနေကြရတယ်”ဟု ကွတ်ခိုင်မြို့နေ ဒေသခံတစ်ဦးဖြစ်သူ ကိုဖိုးဆန်းက ပြောကြားသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကွတ်ခိုင်မြို့မှ မူဆယ်ဘက်သို့အထွက် တိုးဂိတ်အနီးရှိ မော်ဟိတ် စုစည်းကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံငါးဦး သေဆုံးခဲ့ရကြောင်း သိရသည်။
“ကျွန်မတို့ကို မော်ဟိတ်စုစည်းကျေးရွာက ဒေသခံတွေက ရွာထဲကို လက်နက်ကြီး ကျည်ကျပြီး ဒဏ်ရာရသူတွေရှိလို့ဆိုပြီး ကူညီကယ်ဆယ်ဖို့ လှမ်းခေါ်ပါတယ်။ ကျွန်မတို့လည်း တိုက်ပွဲအခြေအနေကြောင့် မြန်မြန် မထွက်နိုင်ဘူး။ နောက်တော့ သူတို့ဆေးရုံ ရောက်လာတယ်။ ဆေးရုံမှာ သွားကြည့်တဲ့ အချိန်မှာတော့ ငါးဦးဆုံးတယ်။ သုံးဦးဒဏ်ရာ ရတယ်။ ဒဏ်ရာရတဲ့အထဲက နှစ်ဦးကိုတော့ လားရှိုးဆေးရုံကို ပို့လိုက်ပါတယ်။ တစ်ဦးကတော့ ကွတ်ခိုင်ဆေးရုံမှာပဲ”ဟု ကွတ်ခိုင်မြို့ အရေးပေါ် ကူညီကယ်ဆယ်ရေးကွန်ရက်မှ ဒေါ်လွမ်းရွယ်က ပြောကြားသည်။
လက်နက်ကြီးကျည် ထိမှန်သေဆုံးသူများတွင် အမျိုးသားတစ်ဦး၊ အမျိုးသမီးလေးဦးဖြစ်ပြီး လသားအရွယ် ကလေးငယ်တစ်ဦး နှင့် တတိယတန်းကျောင်းသားတစ်ဦး ပါဝင်ကြောင်း သိရသည်။
တိုက်ပွဲများကြောင့် လက်နက်ကြီးကျည်များ မော်ဟိတ်စုစည်းကျေးရွာအတွင်းရှိ နေအိမ်နှစ်အိမ်အတွင်းသို့ ကျရောက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ကွတ်ခိုင်မြို့တွင်ဖြစ်ပွားသော တိုက်ပွဲများသည် မွန်းတည့် ၁၂ နာရီခန့်တွင် ခေတ္တရပ်နားခဲ့ပြီး မွန်းလွဲ ၃ နာရီခန့်တွင် လက်နက်ကြီး ပစ်ခတ်သံများ ကြိုးကြားကြိုးကြားကြား နေရဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၃၀ ရက် နံနက် ၆ နာရီခန့်ကလည်း မြောက်ပိုင်း မဟာမိတ်လက် နက်ကိုင်အဖွဲ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နှင့် သိန္နီမြို့ကြား မိုင်းလီကျေးရွာ နှင့် ပန်ဖတ်ကျေးရွာအနီး မိုင်တိုင်အမှတ် ၁၉၂ မိုင် ၅ ဖာလုံနှင့် ၁၉၂ မိုင် ၆ ဖာလုံကြားရှိ ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ဖြတ် သန်းသွားလာနေသော မော်တော်ယာဉ်လေး စီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မီးရှို့ဖျက်ဆီးခံရသည့် ယာဉ်များတွင် ခရီးသည်တင် Express မှန်လုံယာဉ်တစ်စီး၊ Hijet ယာဉ်တစ်စီး၊ Wish ယာဉ်တစ်စီး၊ နံနက်ခင်းစျေးသည်တစ်ဦး၏ ဆိုင်ကယ်တစ်စီးတို့ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်သြဂုတ် ၂၉ ရက် နံနက်ကလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး- မူဆယ်ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ယာဉ်များ ပုံမှန်ဖြတ်သန်းသွားလာနေကြသော်လည်း နံနက် ၉ နာရီခန့်တွင် နမ့်ဖတ်ကာနှင့် မူဆယ်အကြား မန်လွယ်တောင်ကြော ဗြုံးတောင်အနီး နမ့်ဖတ်လွန်းရွာအ ထက် နှစ်ဖာလုံခန့်အကွာတွင် မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ယာဉ်တစ်စီးကို မီးရှို့ပြီး လမ်းပိတ်ဆို့မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် သြဂုတ် ၂၇ ရက်က ၂၂ ဘီးတွဲကားယာဉ်နှစ်စီး ပစ်ခတ်ခံခဲ့ရပြီး ကွတ်ခိုင်မြို့နှင့် မနီးမဝေးတွင် အိမ်စီးယာဉ်တစ်စီးလည်း ပစ်ခတ်မှုခံခဲ့ရကြောင်း သိရသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး- မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ သိန္နီ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်အား ပြီးခဲ့သည့် သြဂုတ် ၂၄ ရက် နံနက်ပိုင်းက လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုမှာ သြဂုတ် ၂၄ ရက် နံနက် ၃ နာရီကျော်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရေပူ ဂိတ်လုံခြုံရေးအဖွဲ့များနှင့် နံနက် ၅ နာရီ ကျော်သည်အထိ နှစ်ဖက်အပြန်အလှန်ပစ် ခတ်ခဲ့ကြကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ပစ်ခတ်မှုများကြောင့် ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတာဝန်ယူထားသည့် ပိန်းဆာပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
သြဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားသော ပစ်ခတ်မှုဖြစ်စဉ်များကြောင့် လားရှိုး - သိန္နီလမ်းပိုင်းတွင် နံနက်ပိုင်း၌ ယာဉ်အသွားအလာများ ရပ်တန့်သွားခဲ့ပြီး မွန်းလွဲပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနေ ပြီဖြစ်ကြောင်း သိရသည်။
သြဂုတ် ၁၄ ရက် နံနက်တွင် ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်၊ ဂုတ်တွင်းတံတား၊ ရဲကင်းနှင့် တိုးဂိတ်များအား မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့ဖြစ်သည့် AA ၊ MNDAA ၊ TNLA အဖွဲ့များက ဝင် ရောက်တိုက်ခိုက်ခဲ့ရာမှစတင်ကာ ရှမ်းပြည် မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်