
အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဘီလျံ ခန့်မြှုပ်နှံမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း အရွယ်အစားနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏကို ဒေါ်လာ ၁ ဒသမ ၃ ဘီလျံအထိ လျှော့ချခဲ့သည်ဟု ဆိုကြသော်လည်း အမှန်တကယ်တွင် စီမံကိန်းတစ်ခုလုံး၏ တန်ဖိုးမှာ ယခင်အတိုင်းသာဖြစ်ပြီး ကုန်ကျစရိတ်ပမာဏ ပြောင်းလဲမည် မဟုတ်ကြောင်း သြဂုတ် ၃၁ ရက်တွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ကျင်းပသည့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနားတွင် Sandhi Governance Institute (SGI) မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးခိုင်ဝင်းက ပြောကြားသည်။
Sandhi Governance Institute က သုံးလတစ်ကြိမ် ထုတ်ဝေမည့် (PPP – Public Private Partnership) အစီရင်ခံစာများတွင် မူဆယ်-မန္တလေး မီးရထားလမ်းစီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း အစရှိသည့် PPP စီမံကိန်းများနှင့် ပတ်သက်သည့် မှန်ကန်သော သတင်းအချက်အလက်များ ပိုမိုရရှိရန်နှင့် PPP စီမံကိန်းများ မြန်မာပြည်အတွက် အကျိုးပြုမှုရှိ မရှိ မှန်ကန်စွာ သုံးသပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ရှင်းလင်းရာ၌ အဆိုပါ ပြောကြားချက်ကို ဦးခိုင်ဝင်းက ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
“ကျောက်ဖြူမှာကျတော့လည်း သီရိလင်္ကာက ဟန်ဘန်တိုတာ ဆိပ်ကမ်းနဲ့ သွားပြီးတူသလို ဖြစ်နေတယ်။ ဖြစ်နေတဲ့ အခါကျတော့ သတင်းမီဒီယာတွေကလည်း တအားရေးတယ်။ ကြွေးမြီထောင်ချောက်ထဲကို ကျဆင်းသလို ဖြစ်နေတယ်လို့ ဆိုထားတဲ့အတွက် နောက်တစ်ခုက ပင်လယ်ထွက်ပေါက် ဖြစ်တဲ့အတွက် မဟာဗျူဟာကျတဲ့ နေရာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်မလား။ တရုတ်က စစ်ရေးအတွက် သုံးမလား ဆိုတာတွေက ပြောဆိုခံနေရတာဖြစ်တယ်။ ဒါပေမဲ့လို့ အခုကျတော့ NLD အစိုးရ လက်ထက်မှာတော့ နောက်ထပ် Framework Agreement ဆိုတာကို မကြာသေးဘူး။ Framework Agreement မှာ နှစ်ဖက်လိုက်နာရမှာတွေကို ရှင်းရှင်းလင်းလင်း ရေးထားတယ်လို့ ကျွန်တော်တို့ သိရတယ်။ ဒါပေမဲ့ Framework Agreement ကိုတော့ ကျွန်တော်လည်း မမြင်ရသေးဘူး။ Phase by Phase လုပ်မယ်။ သတင်းမီဒီယာတွေမှာ ရေးတာကတော့ စီမံကိန်းတန်ဖိုးကို ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ လျှော့ချလိုက်တယ်လို့ ကျွန်တော်တို့ ပြောကြတယ်။ တကယ်တော့ စီမံကိန်းကြီး တစ်ခုလုံးက နဂိုအတိုင်းပဲဖြစ်မှာ။ ဒါပေမဲ့ Phase by Phase ဖြည်းဖြည်းချင်း အကောင်အထည် ဖော်သွားမယ်။ ကုန်ကျစရိတ် အနေနဲ့ကတော့ ပြောင်းလဲမှာ မဟုတ်ဘူး” ဟု ဦးခိုင်ဝင်းက ပြောကြားသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို ပထမအဆင့် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံမှုဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ပြီး စီးပွားရေးအရ တွက်ခြေကိုက်မှုအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယင်းအခြေအနေအပေါ် တရုတ်ဘက်က သဘောတူညီထားကြောင်း အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က The Daily Eleven သတင်းစာသို့ ပြောကြားထားသည်။
“ရင်းနှီးမြှုပ်နှံမှုက အချိုးအစားအလိုက် ပဲ။ ပထမအဆင့်က ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ပေါ့။ ဟိုတုန်းက ၇ ဒသမ ၃ ဘီလျံဆိုတာ သင်္ဘောဆိပ်ကြီးနှစ်ခု။ သင်္ဘောဆိပ်တစ်ခု ကို ဆိပ်ခံတံတားခြောက်ခု၊ နောက်တစ်ခုက လေးခု။ အဲဒီလို အကြီးကြီးပေါ့လေ။ အခု တော့ သင်္ဘောဆိပ်ကို ပထမသင်္ဘောဆိပ်မှာ ဆိပ်ခံတံတား ခြောက်ခုကနေ နှစ်ခုလောက် လုပ်ပြီးတော့ ကနဦးကုန်ကျစရိတ် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံလောက် ရှိမှာပေါ့။ နှစ်ခုစလုံးကို အပြည့်ဆောက်လိုက်ရင်တော့ ဒေါ်လာ ၇ ဒသမ ၃ ဘီလျံလောက်ကုန်မှာပေါ့။ အခုတော့ ကနဦး ကုန်ကျစရိတ်ကို ၁ ဒသမ ၃ ဘီလျံလောက်ကုန်မယ်လို့ ခန့်မှန်းပါတယ်။ Ward နှစ်ခုလုပ်ပြီးရင် ဒီမှာ Operation Costs ကိုက်တယ်ဆိုရင်တော့ ဆက်လုပ်မှာပေါ့။ အဆင့်ဆင့်သွားမှာ ဖြစ်ပါတယ်။ အရင်လုပ်တာ အရင် သုံးကြည့်မယ်။ အသေးလေးတွေလေ။ စီးပွားရေး အခြေအနေအရပေါ့။ ကိုက်ရင် ဆက်လုပ်မယ်ပေါ့။ တရုတ်ဘက်ကလည်း သဘောတူပါတယ်။ ဆင့်ကဲဆင့်ကဲ သွားမှာပေါ့” ဟု ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို ယခင်က တရုတ်နိုင်ငံမှ CITIC က ၈၅ ရာခိုင်နှုန်း၊ မြန်မာဘက်မှ ၁၅ ရာခိုင်နှုန်းဖြင့် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သော်လည်း ယခုအစိုးရ လက်ထက်တွင် ပြန်လည်ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် လက်ရှိတွင် CITIC က ရာခိုင်နှုန်း ၇၀၊ မြန်မာဘက်မှ ရာခိုင်နှုန်း ၃၀ ဖြင့် အကောင်အထည်ဖော်ရန် သဘောတူညီထားကြောင်း သိရသည်။
“၇၀ း ၃၀ မှာ တရုတ်ဘက်က ၇၀၊ မြန်မာဘက်က ၃၀၊ မြန်မာဘက်က ၃၀ ရာခိုင်နှုန်းမှာ အစိုးရက ၁၅ ရာခိုင်နှုန်းနဲ့ တိုင်းရင်းသားတွေပါတဲ့ Public ကုမ္ပဏီက ၁၅ ရာခိုင်နှုန်း ဖြစ်ပါတယ်” ဟု ဒေါက်တာသန်းမြင့်က ဆိုသည်။
မူရင်းအစီအစဉ်အရ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ဆိပ်ကမ်း၊ စပိန်နိုင်ငံ Valencia မြို့ဆိပ်ကမ်းများအား ပြိုင်ဆိုင်နိုင်သည့် ကွန်တိန်နာ သိုလှောင်နိုင်မှု စွမ်းရည်ရှိမည်ဖြစ်ပြီး ဒေါ်လာ ၁၀ ဘီလျံ ကုန်ကျမည်ဟု ခန့်မှန်းထားသော ဆိပ်ကမ်းဆောက်လုပ်ရေးနှင့် တွဲဖက်တည်ဆောက်မည့် အထူးစီးပွားရေးဇုန်ကို ၂၀၁၈ ခုနှစ်တွင် စတင်ရမည်ဖြစ်သည်။ အဆိုပါ စီမံကိန်းများတွင် ဧက ၄၂၀၀ အကျယ်အဝန်း ရှိမည်ဖြစ်သော အထူးစီးပွားရေးဇုန် ဆောက်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလျံ ကုန်ကျမည်ဖြစ်ပြီး ရေနံသန့်စင်ရေး လုပ်ငန်းများနှင့် အထည်အလိပ်စသည့် စက်မှုလုပ်ငန်းများကို ဆွဲဆောင်နိုင်မည့်နေရာ ဖြစ်သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်း၏ တင်ဒါတွက်ချက်မှုအရ လုပ်ငန်းဆောင်ရွက်ခွင့် သက်တမ်း နှစ် ၅၀ အတွင်း မြန်မာအစိုးရအနေဖြင့် စုစုပေါင်း အခွန်ငွေ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃ ဘီလျံ ရရှိမည် ဖြစ်ကြောင်း CITIC Group ကထုတ်ပြန်ထားသည်။ မြန်မာအစိုးရအတွက် ရေနက်ဆိပ်ကမ်းစီမံကိန်းမှ စုစုပေါင်း အခွန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလျံနှင့် စက်မှုဇုန်စီမံကိန်းမှ ၇ ဒသမ ၈ ဘီလျံ ရရှိမည်ဖြစ်ပြီး စက်မှုဇုန် အပြည့်အဝ စတင်လည်ပတ်နိုင်သည့် အချိန်တွင် နှစ်စဉ်ထွက်ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလျံရရှိမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တင်ဒါတွက်ချက်မှုအရ တင်ဒါစာရွက်စာတမ်း ကြိုတင်သတ်မှတ်ချက်များအပေါ် ကျေနပ်မှုရရှိနိုင်ပါက ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်အားလုံး လည်ပတ်နိုင်သည့် အချိန်တွင် ဒေသခံပြည်သူလူထုအတွက် အလုပ်နေရာ စုစုပေါင်း တစ်သိန်းအထိ ခန့်အပ်ပေးနိုင်မည်ဖြစ်ပြီး စီမံကိန်းအားလုံး လည်ပတ်ပြီးနောက် ၁၀ နှစ်အကြာတွင် စီမံခန့်ခွဲမှု အလုပ်နေရာ ရာခိုင်နှုန်း ၉၀ ခန့် ဒေသခံများကို ခန့်အပ်မည်ဖြစ်ကြောင်း CITIC က ထုတ်ပြန်ထားသည်။
သို့သော် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းသည် ကြွေးမြီထောင်ချောက်အတွင်း ကျရောက်သွားနိုင်သဖြင့် သီရိလင်္ကာနိုင်ငံကို သင်ခန်းစာယူရန် ထောက်ပြထားပြီး သီရိလင်္ကာသည် တရုတ်နိုင်ငံထံမှ ရယူထားသော အကြွေးများ မပေးဆပ်နိုင်သဖြင့် အချက်အချာကျသော ဟန်ဘန်တိုတာဆိပ်ကမ်းကို တရုတ်နိုင်ငံသို့ အပ်နှံလိုက်ရသည်။
ထိုသို့ Sandhi Governance Institute မှ သုံးလတစ်ကြိမ် ထုတ်ဝေမည့် (PPP – Public Private Partnership) အစီရင်ခံစာတွင် မူဆယ်-မန္တလေး မီးရထားလမ်းစီမံကိန်း ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း နှစ်ခုနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ကြွေးမြီထောင်ချောက်အတွင်း ကျရောက်မည်ဖြစ်ကြောင်း သုံးသပ်မှုများနှင့် တရုတ်ချေးငွေဖြင့် လုပ်ကိုင်ပါက စွပ်စွဲချက်များ ပေါ်ထွက်လာနိုင်သောကြောင့် အစိုးရက PPP ရင်းနှီးမြှုပ်နှံမှုပုံစံဖြင့်သာ အကောင်အထည် ဖော်သွားမည်ဟု ယူဆရပြီး အစိုးရကလည်း PPP ပုံစံကိုသာ နှစ်သက်သည်ဟု ယူဆရကြောင်း ဦးခိုင်ဝင်းကဆိုသည်။ သို့သော် ပိုမိုတိကျမှန်ကန်သည့် အကဲဖြတ် သုံးသပ်မှုများ ပြုလုပ်ရန်မှာ အဆိုပါစီမံကိန်း နှစ်ခုစလုံး၏ ဘဏ္ဍာငွေကြေးဆိုင်ရာ သတင်းအချက်အလက်များကို ထုတ်ပြန်ကြေညာပေးမှသာ မှန်ကန်စွာ အကဲဖြတ်နိုင်မည် ဖြစ်ကြောင်းနှင့် ကျောက်ဖြူစီမံကိန်းနှင့် စပ်လျဉ်းပြီး မြေယာသိမ်းဆည်းမှုများကို အစားထိုး ပြန်လည်ပေးအပ်ရန် ဒေသခံလူထုနှင့် ဆွေးနွေးသင့်ကြောင်း အပါအဝင် အခြားအကြံပြုချက်များအား အစီရင်ခံစာတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်