
တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဆီအုန်းစီမံကိန်း ဆောင်ရွက်ရန် ကုမ္ပဏီများက ဧကရာထောင်ချီ ရယူထားသော်လည်း အမှန်တကယ်လုပ်ကိုင်ခြင်း မရှိသည့်အပြင် ဒေသခံများနှင့် မြေယာပြဿနာများ ဖြစ်ပွားနေသောကြောင့် တနင်္သာရီတိုင်းဒေသကြီးသည် ဆီအိုးကြီးဖြစ်မလာဘဲ ငရဲအိုးကြီး ဖြစ်လာကြောင်း ဒေသခံများက ဆိုသည်။
အစိုးရသစ် လက်ထက်၌ တိုင်းဒေသကြီးအတွင်းရှိ ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များက ဆီအုန်းစိုက်ပျိုးရန် မြေဧက အများအပြား ရယူထားပြီး အမှန်တကယ် စိုက်ပျိုးခြင်း မရှိသည့် မြေများကို ပြန်လည်သိမ်းဆည်းမှုများ ရှိနေသော်လည်း ၎င်းမြေယာများအား ပြန်လည်လျှောက်ထားနိုင်ကြောင်း အစိုးရက ကြေညာရာတွင် ကုမ္ပဏီများ အနေဖြင့် ပြန်လည်လျှောက်ထားခြင်းများရှိကြောင်း၊ ဒေသခံများအနေဖြင့် ယင်းမြေများကို ပြန်လည်လျှောက်ထားရာတွင် သက်ဆိုင်ရာဌာနများ၌ ကန့်သတ်ချက်များရှိနေကာ အခက်အခဲများရှိပြီး လျှောက်ထားသည့် ဒေသခံ အနည်းငယ်သာ ရရှိခြင်းများ ရှိခဲ့ကြောင်း၊ ဒေသတွင်း ဖြစ်ပွားနေသည့် ဆီအုန်းစီမံကိန်းကြောင့် ဒေသခံများ ထိခိုက်နေမှုနှင့် မြေယာပြဿနာကို အစိုးရအနေဖြင့် အမြန်ဆုံး ဖြေရှင်းပေးရန်နှင့် ပြဿနာများ ဖြေရှင်း၍ မပြီးမချင်း တိုင်းအတွင်း ဆီအုန်းလုပ်ကွက်များ ထပ်မံချထားပေးခြင်း မပြုရန် တနင်္သာရီမိတ်ဆွေများ အဖွဲ့နှင့် ကျေးဇူးတော်ရွာသားများက သြဂုတ် ၃၀ ရက်က ထားဝယ်မြို့၌ ‘ဆီအိုးကြီးလော ငရဲအိုးကြီးလော’ ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲအပြီး၌ သတင်းထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်မှုရှိခဲ့သည်။
ထုတ်ပြန်ချက်အတွင်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အမည်ဖြင့် တပ်မတော်က အုပ်ချုပ်စဉ် ၁၉၉၉ ခုနှစ်၌ ‘တနင်္သာရီတိုင်းသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်ရမည်’ ဟူသော ဆောင်ပုဒ် ချမှတ်ခဲ့ပြီး နောက်ဆက်တွဲ အနေဖြင့် မြေဧက ၁ ဒသမ ၈ သန်းကို ဆီအုန်းစိုက်ပျိုးရန် ကုမ္ပဏီများကို ချပေးခဲ့ပြီးနောက် တိုင်းအတွင်း မဖြေရှင်းနိုင်သော မြေယာပြဿနာများဖြင့် ဝရုန်းသုန်းကား ဖြစ်နေကြောင်း၊ ယနေ့အချိန်တွင် ကုမ္ပဏီများမှာ ဥပဒေချိုးဖောက်သော်လည်း အရေးယူခံရမှုမှ ကင်းလွတ်နေပြီး ဌာနေတိုင်းရင်းသားများမှာ မြေယာမဲ့ ဖြစ်လာသည့်အပြင် ၎င်းတို့အခြေချရာ ဒေသတွင် ပြန်လည်အခြေချ နေထိုင်ခြင်းကြောင့် တရားစွဲခံထားရကာ စစ်ကြောင့် နေရပ်စွန့်ခွာသူများနှင့် စစ်ဘေးရှောင် ဒုက္ခသည်များမှာ မူရင်းနေအိမ်များသို့ ပြန်လည်အခြေချ၍ ဘဝကို အသစ်တစ်ဖန် ပြန်လည်ထူထောင်နိုင်ခြင်း မပြုနိုင်သေးကြောင်း ပါဝင်ခဲ့သည်။ ၎င်းအပြင် မြစ်ချောင်းများမှာလည်း ညစ်ညမ်းသွားပြီး အဖိုးတန် သစ်တောဧကပေါင်း များစွာမှာလည်း သစ်ထုတ်ခြင်းခံလိုက်ရကာ ပျက်စီးသွားကြောင်းနှင့် ထိခိုက်ခံစားရသော ဒေသခံများအတွက်မူ တနင်္သာရီတိုင်း ဒေသကြီးမှာ ဆီအိုးကြီး ဖြစ်မလာဘဲ ငရဲအိုးကြီး ဖြစ်လာကြောင်း ဖော်ပြထားသည်။
“ဒီမြေလွတ်မြေလပ်မြေရိုင်း (ဥပဒေ) က ၂၀၁၈ မှာ ပြန်ပြီးအတည်ပြုတယ်။ ဒါပေမဲ့ ပြည်သူတွေအတွက်က အမြဲတမ်း ဒီမြေလွတ် မြေလပ်မြေရိုင်းကြောင့် တရားစွဲဆိုခြင်း ခံနေရတယ်။ ဒါကြောင့်မို့လို့ ဥပဒေမှာ မှားယွင်းချက် ရှိနေတယ်လို့ မြင်တယ်။ ဒီဥပဒေဟာ ကျွန်မတို့အတွက် လူသတ်လက်နက် ဖြစ်နေတယ်ပေါ့နော်။ ရွာသူရွာသားတွေနဲ့ ကျွန်မတို့ကိုသတ်ဖို့ လက်နက်ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်မတို့ တနင်္သာရီတိုင်းမှာ ၁၉၉၉ တုန်းက ရှိခဲ့တဲ့ဆောင်ပုဒ် ‘တနင်္သာရီတိုင်းသည် ဆီအိုးကြီးဖြစ်ရမည်’ ဆိုတဲ့ ဆောင်ပုဒ်ရှိခဲ့ဖူးတယ်။ အဲဒီဆောင်ပုဒ်အတိုင်းကို ဆီအုန်းတွေ စိုက်ပျိုးခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့ တနင်္သာရီတိုင်းသည် ဆီအိုး မဖြစ်လာပါဘူး။ ကျွန်မတို့ ရွာသူရွာသားတွေ အတွက်ကတော့ ငရဲအိုး ဖြစ်နေပါတယ်” ဟု ဒေသခံများအရေး ဆောင်ရွက်ပေးနေသည့် တနင်္သာရီမိတ်ဆွေများအဖွဲ့မှ နော်ပီသလောက ပြောကြားသည်။
စစ်ဘေးရှောင်ဒေသခံများ နေရပ်သို့ ပြန်လာချိန်တွင် ၎င်းတို့၏ မြေယာများမှာ ဆီအုန်းစီမံကိန်းနှင့် သစ်တောကြိုးဝိုင်းအတွင်း ရောက်ရှိနေသည်ကို တွေ့ရပြီး ဒေသခံများ ပြန်လည်အခြေချ၍ ဘဝရပ်တည်ရန်နှင့် စားဝတ်နေရေးအတွက် လုပ်ကိုင်ရန် မြေနေရာများ လိုအပ်ကြောင်း၊ ၎င်းတို့ နေရပ်မစွန့်ခွာခင်က မြေများ၌ ပြန်လည် လုပ်ကိုင်ရာတွင် ကုမ္ပဏီ၏ တရားစွဲဆိုခြင်းကိုခံရပြီး လက်ရှိအချိန်တွင် လေးကြိမ်မြောက် ရှိနေပြီဖြစ်ကာ တရားရုံးများမှ စာရွက်စာတမ်းများကိုသာ ကြည့်ရှု၍ ဆုံးဖြတ်သောကြောင့် ယခင်အမှု များတွင်လည်း ဒေသခံများသာ ရှုံးနိမ့်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် စစ်ဘေးရှောင်ပြီး နေရပ်သို့ ပြန်လည်အခြေချ နေထိုင်လာသည့် ရေဖြူမြို့နယ်ရှိ ကျေးဇူးတော်ကျေးရွာ ဒေသခံများနှင့် မြေယာပိုင်ဆိုင်မှု ပြဿနာ ဖြစ်ပွားနေသည့် ရွှေပဒုမ္မာကုမ္ပဏီမှာ ဆီအုန်းစိုက်ပျိုးရန် ယင်းဒေသ၌ ၆၁၁ ဧကနှင့် ဧက ၁၂၀၀ နှစ်ကွက်ကို လုပ်ကိုင်ခွင့်ရရှိထားပြီး ၂၀၁၇ ခုနှစ်က အထူးအဖွဲ့များဖြင့် ပြုလုပ်ခဲ့သည့် ဆီအုန်းကဏ္ဍ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ၌ ကုမ္ပဏီအနေဖြင့် ဆီအုန်းအစား အခြားအပင်များကို စိုက်ပျိုးထားကြောင်း၊ ပါမစ်နှင့်ကွဲလွဲ၍ လုပ်ဆောင်ထားခြင်းရှိပြီး လုပ်ကိုင်ခွင့်ရရှိသည့်မြေ၌ စိုက်ပျိုးခြင်း မရှိပါက လေးနှစ်အကြာတွင် နိုင်ငံတော်ပိုင် ပြန်ဖြစ်မည်ဖြစ်ကြောင်း ဥပဒေ ပြဋ္ဌာန်းထားသော်လည်း ယင်းကိစ္စအပေါ် အရေးယူဆောင်ရွက်ခြင်း မရှိသည့်အတွက် မြေပြင်၌ ဒေသခံများနှင့် ကုမ္ပဏီအကြား မလိုလားအပ်သော ပြဿနာ ပဋိပက္ခများ ကြီးထွားလာစေကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ဆိုသည်။
ထို့ပြင် ပြီးခဲ့သည့် နွေရာသီတွင် ကုမ္ပဏီဘက်က ၎င်းတို့လုပ်ကိုင်ခွင့် မရသေးသောမြေတွင် မြေယာရှင်းလင်းမှုကြောင့် ဌာနဆိုင်ရာက သုံးကြိမ်တိုင် စာပို့ခဲ့ပြီးနောက် တရားစွဲဆိုခြင်း စတင်မည်ဟု ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ ကုမ္ပဏီကို တရားစွဲဆိုခြင်း မကြားသိရကြောင်း၊ ထို့ကြောင့် ကုမ္ပဏီဘက်က ဥပဒေနှင့် မညီဘဲ လုပ်ဆောင်သည့်အပေါ် တရားရေးဘက်က တရားစွဲဆိုမှုမှာ အားနည်းသော်လည်း ရွာသားများအပေါ်၌မူ အမြဲတမ်း တရားစွဲဆိုခြင်း ခံရကြောင်း၊ အစိုးရ တာဝန်ရှိသူများ အနေဖြင့် ယင်းပြဿနာများကို ဖြေရှင်းပေးသော်လည်း ဖြေရှင်းသင့်သလောက် မဖြေရှင်းပေးသည့်အပြင် ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့သည့် အစီရင်ခံစာအရ ကုမ္ပဏီအနေဖြင့် ရယူထားသည့် မြေဧရိယာအပြည့် စိုက်ပျိုးထားခြင်း မရှိသည့်အပေါ် ထိထိရောက်ရောက် မဖြေရှင်းနိုင်သောကြောင့် မြေပြင်၌ ပြဿနာကို ပိုမိုကြီးထွားလာစေကြောင်း ဒေသခံတို့ အဆိုအရ သိရသည်။
“ကျွန်တော်တို့ တောသူတောင်သားတွေက တောင်ယာကို အဓိက လုပ်ကိုင်စားသောက်တဲ့အတွက် မြေယာကို မှီခိုပြီး လုပ်ကိုင်စားသောက် နေရတဲ့အတွက် အဲဒီလိုပြဿနာတွေ ကုမ္ပဏီနဲ့ ရင်ဆိုင်နေရတယ်။ သစ်တော ကြိုးဝိုင်းတွေနဲ့လည်း ရင်ဆိုင်နေရတယ်။ အခုလက်ရှိ ကျွန်တော်တို့ နေထိုင်နေတဲ့ တောသူတောင်သားတွေက တစ်နှစ်တောင်ယာ မလုပ်ရလို့ရှိရင် နောက်နှစ် စားဝတ်နေရေးအတွက် တအားခက်ခဲပါတယ်။ အဲဒါကြောင့်မို့ အခုမြေယာတွေနဲ့ ပတ်သက်လို့ ဥပဒေအရ လုပ်ကိုင်ခွင့်ရအောင် ပြန်လျှောက်တဲ့ အချိန်မှာလည်း မြေတိုင်းတွေက အမျိုးမျိုး ပုံစံ (၁) လျှောက်လို့ရှိရင်လည်း မရှိတော့တာနဲ့၊ ကုန်နေတာနဲ့ လျှောက်လို့မရသေးဘူး ဆိုတာမျိုး ကျွန်တော်တို့ ခံရပါတယ်။ ကျွန်တော်တို့ အဲဒီဟာနဲ့ပတ်သက်လို့ တိုင်းရင်းသားရေးရာ ဝန်ကြီးရော၊ အခု လယ်/ဆည်ဝန်ကြီး ဦးမြင့်စန်း၊ အခုနောက် သယံဇာတနှင့် ပတ်ဝန်းကျင်ဝန်ကြီး ဦးလှထွေးကိုလည်း တင်ပြတယ်။ ဝန်ကြီးချုပ်နဲ့တွေ့ဖို့ ဆွေးနွေးဖို့လည်း အဆင်မပြေခဲ့ဘူး။ ဝန်ကြီးချုပ်က မအားလပ်တော့ ကျွန်တော်တို့ တွေ့ခွင့်မရခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရေဖြူမြို့နယ် အစည်းအဝေးပွဲမှာတစ်ခါ၊ ဝန်ကြီးချုပ် အစည်းအဝေးပွဲမှာတစ်ခါ တင်ပြခဲ့တယ်။ ကျွန်တော်တို့ အမှုရင်ဆိုင်နေရတာ ကျွန်တော်မှာတော့ ဘာအခက်အခဲမှ မရှိပါဘူး။ ကျွန်တော့်ရွာသား ခုနစ်ယောက်ကိုတော့ ဝရမ်းပြေးအနေနဲ့ စွဲထားတယ်။ ကျွန်တော် တစ်ယောက်ပဲ ရင်ဆိုင်နေတာပေါ့။ ကျွန်တော်က ဘာလို့ရင်ဆိုင်လဲဆိုတော့ ရွာရဲ့အုပ်ချုပ်ရေးမှူးလည်း ဖြစ်တယ်။ ကျွန်တော်တို့ ဖြစ်နေတဲ့ ပြဿနာကို လူကြီးတွေလည်း သိစေချင်တယ်။ အမှန်အတိုင်းလည်း ဖြစ်စေချင်တယ်” ဟု ရွှေပဒုမ္မာကုမ္ပဏီ၏ တရားစွဲဆိုခြင်းခံနေရသူ ကျေးဇူးတော်ကျေးရွာ အုပ်ချုပ်ရေးမှူး စော်ချစ်ဝင်းထူးက ပြောကြားသည်။
၁၉၉၀ ပြည့်နှစ်ဝန်းကျင်၌ ဒေသတွင်း တိုက်ပွဲများကြောင့် ကျေးရွာနှင့် ဥယျာဉ်ခြံမြေများကို စွန့်ခွာထွက်ပြေးကာ စစ်ဘေးရှောင်ခဲ့ရပြီး နှစ်ပေါင်း ၂၀ ခန့်အကြာ ပြန်လည်အခြေချရန် ရောက်ရှိလာချိန်တွင် ဒေသခံများ၏ ဥယျာဉ်ခြံများမှာ ဆီအုန်းကုမ္ပဏီများက ရယူထားသော ဧရိယာအတွင်း ကျရောက်နေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ဆီအုန်းစိုက်ပျိုးသည့် ကုမ္ပဏီများမှ မြေဧကရာချီ ရယူထားကြသော်လည်း အမှန်တကယ် စိုက်ပျိုးခြင်း မရှိဘဲ လမ်းဘေးဝဲယာများ၌သာ စိုက်ပျိုးထားခြင်းများ ရှိသောကြောင့် ကျန်ရှိသည့် နေရာများတွင် တောအုပ်သဖွယ် ဖြစ်နေပြီး ဒေသခံများက ၎င်းတို့ ယခင်က ပိုင်ဆိုင်သော ဥယျာဉ်ခြံမြေများကို ပြန်လည်လုပ်ဆောင်ရန် ခုတ်ထွင်ရှင်းလင်းချိန်တွင် ကုမ္ပဏီများက ၎င်းတို့၏ ဧရိယာအတွင်း ကျူးကျော်သည် ဟုဆိုကာ ဒေသခံများကို တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်