Top News

အချိုးကျ ပူးတွဲပိုင်ဆိုင်မည့် Myanmar Sat - 2 ဂြိုဟ်တုကို အောက်တိုဘာ ၁၅ ရက် အစောဆုံး စတင်အသုံးပြုနိုင်ရေး ဆောင်ရွက်နေ
24htopnews | January 10, 2025 3:13 PM CST



အချိုးကျ ပူးတွဲပိုင်ဆိုင်မည့် Myanmar Sat - 2ဂြိုဟ်တုအား အောက်တိုဘာ ၁၅ ရက် အစောဆုံး စတင်အသုံးပြုနိုင်ရေး ဆောင်ရွက်နေကြောင်း သြဂုတ် ၃၀ ရက်က နေပြည် တော်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်နိုင်ရေး အကောင်အထည်ဖော်ရန် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဒုတိယအဆင့်အဖြစ် အချိုးကျပူးတွဲ ပိုင်ဆိုင်မည့် Myanmar Sat – 2 ဂြိုဟ်တုကို ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် အာကာသသို့ လွှတ်တင်ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလလယ်ခန့်၌ နည်းပညာသစ်များဖြင့် စတင်အသုံးပြုနိုင်ရန် လျာထား ဆောင်ရွက်ခဲ့သော်လည်း စိတ်ချသေချာစေရန် အကြိမ်ကြိမ် စိစစ်ဆောင်ရွက်ခဲ့ခြင်း၊ အတူတကွ လွှတ်တင်မည့် အခြားအဖွဲ့အစည်းပိုင် ဂြိုဟ်တုများ အဆင်သင့်ဖြစ်မှု နှောင့်နှေးခဲ့ခြင်း စသည့်အကြောင်းများကြောင့် ၂၀၁၉ ခုနှစ် သြဂုတ် ၇ ရက် မြန်မာစံတော်ချိန် နံနက် ၂ နာရီ အချိန်တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါကြောင်း၊ အာကာသပတ်လမ်းတွင် ရောက်ရှိနေပြီ ဖြစ်သည့် အဆိုပါ ဂြိုဟ်တုကို လိုအပ်သည့် စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစောဆုံး စတင်အသုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

ထိုကဲ့သို့ အောင်မြင်ရန်အတွက် ဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ အားလုံးကိုလည်း အထူးကျေးဇူး တင်ရှိပါကြောင်း၊ အဆိုပါ Myanmar Sat – 2 ဂြိုဟ်တုသည် အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်း ကုန်ကျမည်ဖြစ်ပြီး အရစ်ကျ ငွေပေးချေခြင်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ Myanmar Sat – 2 ဂြိုဟ်တုတွင် မြန်မာနိုင်ငံအတွက် အသုံးပြုနိုင်သည့် C-Band လိုင်းအင်အား 432 MHz နှင့် Ku-Band လိုင်းအင်အား 432 MHz တို့ ပါဝင်ပြီး အဆိုပါလိုင်းများကို ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ်၊ သစ်တောကဏ္ဍ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်အတွက် လိုအပ်သည့် အခြားကဏ္ဍများတွင် ထိထိရောက်ရောက် အကျိုးရှိစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် အခြားဂြိုဟ်တုများ ငှားရမ်းသုံးစွဲ နေမှုများကြောင့် မလိုအပ်ဘဲ နိုင်ငံခြားငွေ သုံးစွဲနေရမှုများ လျော့နည်းစေရန် နိုင်ငံတော်ပိုင် Myanmar Sat – 2 ဂြိုဟ်တုကို တတ်နိုင်သမျှ ငှားရမ်းသုံးစွဲသွားရန်နှင့် ပုဂ္ဂလိကကဏ္ဍ သုံးစွဲသူများကိုလည်း ငှားရမ်းအသုံးပြုလာစေရေး ကြိုးပမ်းဆောင်ရွက် သွားကြရန် ဒုတိယသမ္မတက အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။

တတိယအဆင့် အနေဖြင့် မြန်မာနိုင်ငံက အလုံးစုံပိုင်ဆိုင်သည့် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရေးအတွက် ဂျပန်နိုင်ငံ Hokkaido တက္ကသိုလ်က ကမ်းလှမ်းထားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း ဘတ်ဂျက်လျာထားပြီး ဖြစ်သည့် အတွက် လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဒုတိယသမ္မတက ပြောကြားသည်။

 

 


READ NEXT
Cancel OK