Top News

စစ်ကိုင်းငလျင် ပြတ်ရွေ့ကြောပေါ်တွင် တည်ရှိသည့် သုံးခွမြို့၊ ငလျင်ပြတ်ရွေ့ကြောအနီးရှိ ခရမ်းမြို့နယ်နှင့် တံတားမြို့နယ်တို့တွင် မြေငလျင်ဆို်င်ရာ စစ်တမ်းများ ကောက်ယူမည်
24htopnews | January 10, 2025 3:13 PM CST



စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောပေါ်တွင် တည်ရှိနေသည့် သုံးခွမြို့နှင့် ငလျင်ပြတ်ရွေ့ကြောအနီးရှိ ခရမ်းမြို့နယ်နှင့် တံတားမြို့နယ်တို့တွင် မြေငလျင်ဆိုင်ရာ စစ်တမ်များ ကောက်ယူမည်ဖြစ်ကြောင်း သုံးခွမြို့နယ် လူမှုဝန်ထမ်း ကယ်ဆယ်ရေး အသင်းဥက္ကဋ္ဌ ဦးဟိန်းဇော်က ပြောကြားသည်။

သြဂုတ် ၃၁ ရက်က ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်ရှိ မဟာအတုလဝေယံ သာသနဗိမာန်တွင် ကျင်းပခဲ့ပြီး ငလျင်နှင့် ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၌ ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲကို ဦးဆောင်ပြုလုပ်သည့် သုံးခွမြို့နယ် လူမှုဝန်ထမ်း ကယ်ဆယ်ရေး အသင်းဥက္ကဋ္ဌ ဦးဟိန်းဇော်က “ကျွန်တော်တို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ မီးသတ်တပ်ဖွဲ့ရယ်၊ အရန်မီးသတ် တပ်ဖွဲ့ရယ် ချိတ်ဆက်ပြီး ငလျင်ဆက်တိုက် လေ့ကျင့်မှုတွေ ဆက်တိုက်လေ့ကျင့်မယ်။ နှစ်အချက်က ငလျင်ကော်မတီကိုလည်း အကူအညီ တောင်းထားတယ်။ စာတမ်းကောက်ယူတဲ့ အဖွဲ့ကို ကျွန်တော်တို့ဒေသတွေက ငလျင်ကြောပေါ်မှာ တိုက်ရိုက်ရှိနေတဲ့ ဒေသမြို့ပေါ်တွေမှာ စစ်တမ်းကောက်ယူထားတာ မရှိထားဘူး။ စစ်တမ်းကောက်ယူဖို့ အကူအညီ တောင်းထားတာ ရှိပါတယ်” ဟု ပြောကြားသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နှစ်စဉ် နှစ်တိုင်း သဘာဝဘေးအန္တရာယ်က နှစ်တိုင်းဖြစ်နေတာ။ ဖြစ်တိုင်း သွားကယ်လိုက် ထောက်ပံ့လိုက် လုပ်နေတာ ကျွန်တော်က မေးချင်တာ ကြိုတင်ပြင်ဆင်မှုတွေ ဘာလို့ မလုပ်ကြတာလဲ။ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး မိုးလေဝသတို့ ဘာတို့က ကြေညာနေတာကို သိတယ်။ ဖြစ်လာမယ်ဆိုတာကိုလည်း သိတယ်။ ဒါပေမဲ့ ဘာလို့ကြိုတင် မပြင်ဆင်ထားတာလဲ။ ဖြစ်မှလိုက်လုပ်မှာ ထက်မဖြစ်ခင်မှာ ကြိုတင်တားဆီးသင့်တယ် လို့ ကျွန်တော်တို့က ယူဆတယ်။ ကျွန်တော် တို့ အခု သုံးခွမြို့၊ ခရမ်းမြို့၊ တံတားမြို့ အောက်မှာ ငလျင်ကြောကြီးက ရှိတယ်။ သုံးခွမြို့ဆိုလည်း ငလျင်ကြော အောက်တည့် တည့်က ဖြတ်သွားတယ်။ ကျွန်တော်က ကိုယ့် မြို့အတွက် စိတ်ပူတယ်။ ငလျင်သာ ကြီးကြီးမားမား လှုပ်ခတ်မှုသာဖြစ်ခဲ့ရင် ဘာမှကြို တင်ပြင်ဆင်ထားတာမရှိဘူး။ ပြည်သူတွေက ဘေးအန္တရာယ်တွေ ကြုံတွေ့ရင် ဘယ်လို ကြိုတင်ကာကွယ်ရမလဲ။ ဘယ်လိုရှောင်ရ မလဲဆိုတဲ့ အသိပညာ မရှိရင် တကယ်ဖြစ်တဲ့  အချိန်ကျရင် သေချာတယ်၊ ကျွန်တော်တို့ အလောင်းလိုက်ကောက်ရမယ့်အခြေအနေ မှာ ရှိပါတယ်။ အဲဒီလိုအခြေအနေမျိုးတွေ မဖြစ်စေချင်လို့ ဒီနေ့ ဒီလိုအသိပညာဆွေးနွေးပွဲ ပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု သုံးခွမြို့နယ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဟိန်းဇော်က ဆွေးနွေးပွဲ ရည်ရွယ်ချက်ကို ပြောကြားသည်။

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်သည် ငလျင်ပြတ်ရွေ့ကြောနှင့် အနီးကပ်ဆုံးတွင် တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှုများ အချိန်မရွေး ကြုံတွေ့နိုင်ခြင်းကြောင့် ကြိုတင်ပြင်ဆင်ခြင်းများ ရင်ဆိုင်တုံ့ပြန်ခြင်းများကို အသိပညာပေး ဆွေးနွေးရခြင်းဖြစ်ပြီး ယင်းမြို့နယ်များတွင် မြေငလျင်ဆိုင်ရာ စစ်တမ်းများ ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆွေးနွေးပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုများ၊ ငလျင်ဘေးဆိုင်ရာ အသိပညာများ၊ ရာသီဥတုဖောက်ပြန်ခြင်း ကြိုတင်ပြင်ဆင်ခြင်း ရင်ဆိုင်တုံ့ပြန်ခြင်း၊ စီမံခန့်ခွဲခြင်းများ ငလျင်နှင့် အဆောက်အအုံဆိုင်ရာ ပညာရပ်များအား ဆွေးနွေးခြင်း၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲခြင်း (Disaster Management) အား ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှု ဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးစံကုန်း၊ မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်၊ မြန်မာနိုင်ငံ ငလျင်ကော်မတီ အဖွဲ့ဝင် ဒေါ်သင်းလှိုင်ဦးတို့ တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။      

 


READ NEXT
Cancel OK