
ကယားပြည်နယ် မော်ချီးသတ္တုတွင်းဒေသ အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားသော ၁၃ ကုန်း မြောက်ဘက်အထွက် KB1 ကျောက်တောင် ပြိုကျခဲ့သည့် နေရာတွင် အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ပြီးနောက် သြဂုတ် ၃၀ ရက် ည ၈ နာရီကျော်ခန့်တွင် ထပ်မံ၍မြေပြိုကျသဖြင့် အိမ်အချို့ ပျက်စီးကြောင်း ပပွာကလူ ကရင်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ နော်မာဂရက်စိန်ထံမှ သိရသည်။
ညဦးပိုင်းတွင် မိုးရွာပြီးနောက် မိုးကြိုး ခုနစ်ကြိမ်ခန့် ပစ်ခတ်သံကြားပြီးနောက် မြေပြိုမည့်အသံကဲ့သို့ ကြားရသဖြင့် လူနေအိမ်များမှ လူများထွက်ပြေးသောကြောင့် လူထိခိုက်မှုမရှိ ကြောင်း အိမ်တစ်လုံး ပြိုကျပျက်စီးပြီး ဇရပ်တစ်ဆောင်မှာ တစ်ဝက်ခန့် ပျက်စီးသွားကြောင်း သိရသည်။
“မနေ့ညက ၈ နာရီခွဲ တစ်ကြိမ်ပြိုတယ် ည ၁ နာရီမှာ ထပ်ပြိုတယ်။ KB1 အားလုံးကတော့ ပြိုသွားပြီးပေါ့နော်။ လမ်းနဲ့တစ်ညီတည်း ဖြစ်သွားပြီပေါ့နော်။ ဒီမှာအက်ကြောင်းက ခြောက်ခုရှိတယ် မဟုတ်လား ခြောက်ခုလုံး ပြိုကျသွားတယ်။ ကားလမ်းအထက်က အိမ်ကားလမ်းအောက်က ဇရပ်စိစိဖိုးအိမ်ကတော့ တစ်ဝက်လောက်တော့ ထိတယ်လေ။ ပြန်စဉ်းစား မယ်ဆိုရင် ၂၀၁၈ ကတည်းက လိုက်စစ်တဲ့ အချိန်မှာ ချောင်းခဲတွေနဲ့ မြေကြီးတွေကို မလုပ်ဖို့ပြောတယ်။ ၁၄ ရက် ၁၁ လမှာလည်း သတ္တုတွင်းပါတယ်။ ကုမ္ပဏီပါတယ်။ ကိုယ်က တော့ သဘာဝဘေးမှာ အတွင်းရေးမှူးပေါ့။ ဒီတုန်းကပြောတယ် အောက်ခြေမှာ ခဲကျင်း တွေတူးနေတာ ဘယ်သူ့ခွင့်ပြုချက်လည်းဆို တော့ ကုမ္ပဏီကလည်း သူတို့လည်းမဟုတ် ဘူးတဲ့။ သတ္တုတွင်းကလည်းမဟုတ်ဘူး ။ ဒါဆို ဒီကျင်းတွေဆက်လုပ်နေမယ်ဆို ဒီကတောင်ပြိုမှုက ဖြစ်ကိုဖြစ်မှာပဲ ဆိုတာပြောတယ်။ ဒါပေမဲ့ အရေးယူမှုတွေလည်း မရှိဘူး။ နောက် ဘာမှ ဆောင်ရွက်ထားမှုတွေလည်း မရှိဘူး။ ခုနစ်ကြိမ် ပြိုပြီပေါ့နော်။ အခုက သဘာဝဘေးလို့ပြောမယ် ဆိုတာထက် လူလုပ်တဲ့ ဘေးပဲပေါ့နော်။ သူ့ဘာသာသူ ရှိနေမယ်ဆို တောင်ကလည်းမပြိုဘူး။ အပေါ်မှာ ချောင်းခဲလုပ်နေမယ်။ အောက်မှာချောင်းခဲ လုပ်နေမယ်။ ကျင်းအောက်ကနေ ကျင်းဖောက်မယ်။ ကျင်းက ငါးကျင်းဖောက်နေတယ်။ ဒါဟာတောင်ပြိုမယ့် အနေအထားလို့ ပြောထားတယ်။ ဒါပေမဲ့ သူတို့က လိုက်နာဆောင်ရွက်မှုတွေ မရှိဘူးပေါ့နော်။ တောင်ပြိုတဲ့ နေရာတွေဆို အခုအသစ်ဖွဲ့တဲ့ သဘာဝဘေး ကာကွယ်ရေး အဖွဲ့တွေကလည်း ချက်ချင်းလာမကြည့်သေးဘူး။ ခုချိန်ထိ တစ်ယောက်မှလာတာ မတွေ့သေးဘူး။ မနေ့က ဆက်သွယ်တာ တစ်ယောက်မှ ဆက်သွယ်လို့ မရသေးဘူး” ဟုပပွာကလူ အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ နော်မာဂရက်စိန်က သြဂုတ် ၃၁ ရက်တွင် ပြောကြားသည်။
ကျင်းဦးစီးများအား မိုးရွာမှတောင်ပြိုခြင်းဖြစ်မည် မဟုတ်ကြောင်း အသိပေးထားပြီး မြေဆက်တိုက်ပြိုပါက ထပ်မံပြိုတတ်ကြောင်း၊ မြေပြင်အနေအထားအရ သတိရှိစွာ နေထိုင်သင့်ကြောင်း သိရသည်။
“တောင်ပေါ်ရပ်ကွက်ကျောင်းဆို မိုးများလို့ အစိုးရကို စာတင်ပြီး တစ်ပတ်လောက်ရှိပြီ ပိတ်ထားတယ်လို့ ကုမ္ပဏီက ဦးဇော်လွင်ဦးက ပြောတယ်။ KB1 က အလုပ်သမားအချို့ကတော့ ဒီမနက်ပဲ အိမ်ပြန်နေကြတာ တွေ့ရတယ်” ဟု နော်မာဂရက်စိန်က ဆက်လက်ပြော ကြားသည် ။
သြဂုတ် ၁၁ ရက်က ယခုအက်ကြောင်းများမှ မြေပြိုသောနေရာသည် အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားသည့် နေရာဖြစ်ကြောင်း၊ မြေပြိုကျသည့်အသံ ကြားရသောကြောင့် တဲအတွင်း နေထိုင်သူများမှာ ထွက်ပြေးကြရပြီး ထိခိုက်အနာတရ အနည်းငယ်သာ ဖြစ်ပွားခဲ့ကြောင်း၊ အိမ်မွေးတိရစ္ဆာန် အချို့လည်း သေကျေထိခိုက်ခဲ့ကြောင်း သိရသည်။
ဇီးပင်ကွေ့ရှိ အိမ်ခြေ ၆၀ ကျော်အား မိုးများပါက အန္တရာယ်ဖြစ်မည် စိုးရိမ်သဖြင့် အနာဂတ်အလင်းတန်း ကျေးရွာသို့ သက်ဆိုင်ရာမှ သြဂုတ် ၂၆ ရက်မှစ၍ ခေတ္တပြောင်းရွှေ့ ပေးခဲ့ကြကြောင်း၊ မြေပြိုမှုကြောင့် လမ်းပိတ်ခဲ့သော ကားလမ်းများမှာလည်း ကားငယ်များ ဖြတ်သန်းသွားနိုင်ပြီဖြစ်ကြောင်း မော်ချီးပရဟိ အဖွဲ့ဝင် ကိုဇော်လွင်ဦးထံမှ သိရသည်။
သြဂုတ် ၂၄ ရက် ည ၁၁ နာရီခွဲခန့်တွင် ဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင်နှင့် နေအိမ်များမှာ မိုးအဆက်မပြတ် ရွာသွန်းသောကြောင့် ဘူမိပညာရှင်များမှ အန္တရာယ်ဇုန်ဟု သတ်မှတ်ထားပြီးဖြစ်သော နေရာများ ဖြစ်သည့် ၁၃ ကုန်းအထွက် အောင်ချမ်းသာရပ်ကွက် ဇီးပင်ကွေ့နှင့် သပြေကုန်းတို့ရှိ အိမ်တစ်လုံးစီမှာလည်း မြေပြိုကျသဖြင့် အိမ်များပျက်စီးသွားကြောင်း၊ စုစုပေါင်း အိမ်လေးလုံးနှင့် တောင်ပေါ်သာသနာ့ အလင်းရောင် ကျောင်းတိုက်၏ ဆွမ်းစားကျောင်း စသည်တို့ ပျက်စီးသွားကြောင်း သတင်းရရှိသည်။
ထို့ပြင် အန္တရာယ်ဇုန် သတ်မှတ်ထားသော နေရာများအား သြဂုတ် ၂၃ ရက်တွင် မော်ချီးသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီဝင်များ၊ ကုမ္ပဏီဝန်ထမ်းများမှ မိုးရွာပါက နေအိမ်တွင်မနေကြရန် သွားရောက် သတိပေး ခဲ့ကြသည်ဟုလည်း သိရသည် ။
သြဂုတ် ၁၁ ရက်ကလည်း KB1 အထက်တွင် အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားသောနေရာတွင် မြေပြိုကျသည့်အသံ ကြားရသောကြောင့် တဲအတွင်း နေထိုင်သူများမှာ ထွက်ပြေးကြသဖြင့် ထိခိုက်အနာတရ အနည်းငယ်သာ ဖြစ်ပွားခဲ့ပြီး အိမ်မွေးတိရစ္ဆာန် အချို့လည်း ထိခိုက်ကြောင်းလည်း သိရသည် ။
၂၀၁၉ ခုနှစ် နှစ်စပိုင်းတွင် ဒေသခံ တိုင်းရင်းသား ကရင်လူမျိုးများ ပါဝင်သော မော်ချီးသဘာဝဘေး ကာကွယ်ရေး စောင့်ရှောက်ရေး ကော်မတီအား ဖွဲ့စည်းခဲ့ကြပြီး ကော်မတီမှ အန္တရာယ်ဇုန်များအား စစ်ဆေးခေါ်ယူ သတိပေးခြင်း၊ မီဒီယာနှင့် အရပ်ဘက် အဖွဲ့များအား သတင်းအချက်ပေးပို့ခြင်းများ ပြုလုပ်ခဲ့ကြပြီးနောက် ကော်မတီဝင်ဟောင်း အချို့အား အသိပေးခြင်း မရှိဘဲ ကော်မတီအသစ်တစ်ရပ်အား ထပ်မံဖွဲ့ စည်းခဲ့ကြောင်း၊ ကော်မတီ အဟောင်းသည် ၂၀၁၉ ဧပြီ ၁၄ ရက်မှစတင်၍ တောင်ပေါ်ရပ်ကွက် ရတနာအောင်မြေနှင့် အောင်ချမ်းသာ ရပ်ကွက်များကို စစ်ဆေးခဲ့ရာ နေရာရှစ်နေရာတွင် ကာကွယ်ရေး လုပ်ငန်းများ လုပ်သင့်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ အန္တရာယ်ရှိသော နေရာများတွင် ကျင်းများရှိနေခြင်း၊ လူနေအိမ်အသစ်များ ဆောက်ထားခြင်းများကိုလည်း တွေ့ရှိရသဖြင့် ပညာပေးကာကွယ်မှုများ လုပ်သင့်ကြောင်း အစီရင်ခံခဲ့သည်ဟု ကော်မတီဟောင်း၏ အတွင်းရေးမှူး နော်မာဂရက်စိန်ထံမှ သိရသည်။
မော်ချီးသတ္တုတွင်း ဒေသတွင် ၂၀၁၈ ဇူလိုင် ၂၁ ရက် နံနက် ၂ နာရီခန့် တွင်တောင်ပေါ်ရွာ (၁၅) ရပ်ကွက် ကျောက်ကြားရပ် ခဲကျင်းလုပ်ကွက် (၅၁) မှ စွန့်ပစ်မြေစာပုံ အလုပ်သမားတဲပေါ် ပြိုကျသဖြင့် လူနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အမှတ် ၃ ခဲကျင်းအပေါ်ရှိ ပေါင်မုန့်ကျောက်တုံးရှိရာနေရာမှ ကျောက်တုံးများ အဆက်မပြတ် ပြိုကျလာသဖြင့် လွတ်ရာသ ို့ရွှေ့ပြောင်းနေထိုင်ကြရန် ၂၀၁၈ ဇူလိုင် ၈ ရက် ညတွင် အုပ်စုအုပ်ချုပ်ရေးမှူးမှ စာထုတ်ခဲ့ပြီး ရုရှားရိပ်သာဟောင်း ဝဲယာဘက်တွင် မြေသားများ ၆ လက်မခန့် နိမ့်ဆင်းနေသော သတင်းအရ ၂၀၁၇ သြဂုတ် ၃၀ ရက်တွင် တာဝန်ရှိသူများ စုပေါင်းသွားရောက် စစ်ဆေးပြီး တားမြစ်ချက်အား ထုတ်ပြန်ခဲ့ကြောင်း၊ သြဂုတ် ၃၁ ရက်မှစတင်၍ အိမ်ထောင်စု သုံးစုအား ရွှေ့ပြောင်းခိုင်းထားပြီး လူများဖြတ်သန်းခြင်း မပြုရန် တားမြစ်ခဲ့ကြောင်းလည်း သိရသည် ။
တရားမဝင် ခဲတူးဖော်မှုများရှိသည့် နေရာများတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တို ဘာ ၁၁ ရက်တွင် မိုးအဆက်မပြတ် ရွာသွန်းသောကြောင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် အရေးပေါ် ကယ်ဆယ်ရေးများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်