Top News

အစိုးရ၏ NRPC နှင့် မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင်လေးဖွဲ့ ကျိုင်းတုံမြို့၌ တွေ့ဆုံဆွေးနွေး
24htopnews | January 10, 2025 3:13 PM CST

အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နှင့် မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင်လေးဖွဲ့ဖြစ်သည့် ကချင်လက်နက်ကိုင်အဖွဲ့(KIO/KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့(PSLF/TNLA)၊  ရခိုင်လက်နက်ကိုင်အဖွဲ့(ULA/AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNTJP/MNDAA)တို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ရှိ Amazing Kengtong Resort တွင် ယနေ့ (သြဂုတ် ၃၁ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ကာ တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင်လေးဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အထူးဒေသ မိုင်းလားမှတစ်ဆင့် ကျိုင်းတုံမြို့သို့ ယနေ့နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့်ရောက်ရှိလာခြင်းဖြစ်ပြီး ဆွေးနွေးပွဲပြီးစီးပါက မိုင်းလားသို့ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

ယခုတွေ့ဆုံဆွေးနွေးပွဲတွင် NRPC ကိုယ်စားလှယ်အဖွဲ့တွင် ငြိမ်းချမ်းရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်ပြီး ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးစိုးစိုးဇော်၊ ကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦးနှင့် ရုံးအထောက်အကူပြုအဖွဲ့များပါဝင်သည်။

မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်လေးဖွဲ့တွင် ကချင်လက်နက်ကိုင်အဖွဲ့မှ KIO ဗဟိုကော်မတီအတွင်းရေးမှူး ကွန်မ်ထပ်ထိန်နန်အပါအဝင်လေးဦး၊ ကိုးကန့်လက်နက်ကုင်အဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ရန်ဂင်ကျုံးအပါအဝင် လေးဦး၊ တအာင်းလက်နက်ကိုင်အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ(၂) တားခူလန်းအပါအဝင်သုံးဦး၊ ရခိုင်လက်နက်ကိုင်အဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင် အပါအဝင်သုံးဦးနှင့် အဖွဲ့အသီးသီးမှ အထောက်အကူပြုအဖွဲ့ဝင်များ ယခုဆွေးနွေးပွဲသို့တက်ရောက်သည်။



ဆွေးနွေးပွဲတွင် နှစ်ဖက်အပြန်အလှန်မိတ်ဆက်ပြီးနောက် မီဒီယာများအားပြန်လည်ထွက်ခွာခိုင်းခဲ့ပြီး အစည်းအဝေးအစီအစဉ်သည်လည်း ကြိုတင်သတ်မှတ်ချက်မရှိကြောင်းသိရသည်။

မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်လေးဖွဲ့အနက် ရခိုင်လက်နက်ကိုင်အဖွဲ့၊ တအာင်းလက်နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့တို့သည့် ရှမ်းပြည်မြောက်ပိုင်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်တွင် သြဂုတ် ၁၅ ရက်မှ စတင်၍ တံတားအချို့အား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခရီးသွားမော်တော်ယာဉ်များအား မီးရှို့ခြင်း၊ ကားဘီးများဖောက်ခြင်းတို့ပြုလုပ်၍ ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်အောင်ဆောင်ရွက်သဖြင့် တပ်မတော်နှင့် ၎င်းသုံးဖွဲ့အကြား တိုက်ပွဲများ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယနေ့အထိ ဖြစ်ပေါ်လျက်ရှိသည်။


READ NEXT
Cancel OK