Top News

၂၀၂၄ ပထမ ကိုးလပတ်အတွင်း ထိုင်းကွန်ဒိုများ ဝယ်ယူမှု မြန်မာနိုင်ငံသားများ ဒုတိယနေရာတွင် ရှိနေဟု ဘန်ကောက်ပို့စ် ဖော်ပြ
24htopnews | January 10, 2025 9:12 PM CST

၂၀၂၄ ပထမ ကိုးလပတ်အတွင်း ထိုင်းကွန်ဒိုများဝယ်ယူမှု မြန်မာနိုင်ငံသားများ ဒုတိယနေရာတွင် ရှိနေဟု ဘန်ကောက်ပို့စ်တွင် သတင်းဖော်ပြထားသည်။

ထိုင်းအိမ်ခြံမြေလုပ်ငန်း Cushan & Wakefield Thailand မှ သုတေသနနှင့် အကြံပေးအရာရှိ Surachet Kongcheep က ဧပြီလပိုင်းတွင် မြန်မာဝယ်လက်များ ခေတ္တရပ်နားခဲ့ပြီး ယင်းနောက်ပိုင်းတွင် မြန်မာဝယ် လက်များက ပြန်လည်ဝယ်ယူခဲ့သည်ဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းများကို မြန်မာနိုင်ငံမှ ဝယ်ယူသူများထံလွှဲပြောင်းမှုသည် ၂၀၂၄ ခုနှစ်တွင် စံချိန်သစ်တင်နိုင်မည်ဖြစ်ပြီး ပထမကိုးလတာကာလအတွင်း စုစုပေါင်းဝယ်ယူမှုသည် ၂၀၂၃ ခုနှစ်တွင် သတ်မှတ်စံချိန်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြသည်။

REIC ၏ အဆိုအရ မြန်မာဝယ်လက်များက ဝယ်ယူမှုမှာ ၂၀၂၄ ခုနှစ် ကိုးလတာကာလအတွင်း ထိုင်းဘတ်ငွေ ၅ ဒသမ ၄၆ ဘီလျံ တန်ဖိုးရှိ ကွန်ဒိုအလုံးရေ ၁၀၅၀ ရှိပြီး ၂၀၂၃ ခုနှစ်တွင် ဘတ်ငွေ ၃ ဒသမ ၇ ဘီလျံတန်ဖိုးရှိ ကွန်ဒိုအလုံးရေ ၅၆၄ လုံး၊ ၂၀၂၂ ခုနှစ်တွင် ဘတ်ငွေ ၂ ဒသမ ၅၅ ဘီလျံတန်ဖိုးရှိ ကွန်ဒို ၃၄၉ လုံး ရောင်းချနိုင်ခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် ပထမကိုးလပတ်အတွင်း ထိပ်တန်းဝယ်လက်အဖြစ် ဦးဆောင်နေသူမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး  ကွန်ဒိုအလုံးရေ ၄၃၈၆၊ မြန်မာနိုင်ငံသားများမှာ ဒုတိယနေရာတွင် ကွန်ဒိုအလုံးရေ ၁၀၅၀၊ ရုရှားနိုင်ငံသား များမှာ ကွန်ဒိုအလုံးရေ ၈၀၀၊ ထိုင်ဝမ်မှာ ကွန်ဒိုအလုံးရေ ၆၁၂၊ အမေရိကန်နိုင်ငံသားများမှာ ကွန်ဒိုအလုံးရေ ၄၃၆ ဖြင့် အသီးသီးရပ်တည်လျက်ရှိကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများ ဝယ်ယူမှုမှာ ယခင်က ထိပ်ဆုံးဝယ်ယူမှုစာရင်းတွင် မပါဝင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်မှ စတင်ကာထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် နံပါတ် ၆ နေရာသို့ ရောက်ရှိလာခဲ့သည်။

မြန်မာနိုင်ငံမှ ချမ်းသာသူများသည် ဘန်ကောက်မြို့၏ အဓိကနေရာများတွင်ရှိသော စျေးကြီးသည့် ကွန်ဒိုများကိုဝယ်ယူခဲ့ကြပြီး ယင်းကွန်ဒိုများသည် စျေးနှုန်းဘတ် ၁၀ သန်းမှ သန်း ၂၀ အတွင်းရှိသည်ဟုဆိုသည်ဟု ၂၀၂၄ ခုနှစ် မေလပိုင်းက ထိုင်းအိမ်ခြံမြေစျေးကွက်ဆိုင်ရာဌာန(REIC)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆူခမ်ဗစ်၊ ခရွမ်ဖုန်း၊ အဆိုကေး အစရှိသည့် အကောင်းစားကွန်ဒိုများရှိရာ နေရာများသည် ရေပန်းစားလျက်ရှိ ပြီး ထိုနေရာများသည် ဆေးရုံများ၊ နိုင်ငံတကာကျောင်း များ၊ အဆင့်မြင့်စျေးဝယ်စင်တာကြီးများနှင့် နီးကပ်သည်။

မြန်မာနိုင်ငံမှ အလယ်အလတ်သုံးစွဲသူများသည် ဘန်ကောက်မြို့၏ Aree နှင့် ဖရာထိုင်းဇုန်များရှိ စျေး နှုန်းဘတ်ငါးသန်းမှ ၁၀ သန်းအတွင်းရှိသော ကွန်ဒိုများကိုမျက်စိကျကြသည်ဟု ၂၀၂၄ ခုနှစ် မေလပိုင်းက ထုတ်ပြန်ခဲ့သည့် RIEC ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို မြန်မာနိုင်ငံတွင် အရောင်းပြပွဲ ပြုလုပ်ရောင်းချခဲ့သူတစ်ဦးနှင့် ဝယ်ယူခဲ့သူ သုံးဦးအားဖမ်းဆီးခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် ပြည်ပနိုင်ငံများရှိ ကွန်ဒိုများရောင်းချသူနှင့် ဝယ်ယူသူများကို အရေးယူမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြီးခဲ့သည့် နှစ် ဇွန်လဆန်းပိုင်းက ထုတ်ပြန်ခဲ့သည်။

ပြည်ပနိုင်ငံများရှိ ကွန်ဒိုတိုက်ခန်းများအား အွန်လိုင်းမှတစ်ဆင့် တရားမဝင်ရောင်းချနေသည့် အခြားကုမ္ပဏီများနှင့် ဝယ်ယူသူများအား ဆက်လက်စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်မည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ထိုကဲ့သို့ တရားမဝင်ပြည်ပနိုင်ငံရှိ တိုက်ခန်းအရောင်းအဝယ်ပြုလုပ်နေသူများအား သိရှိပါက သက်ဆိုင်ရာသို့သတင်းပေးပို့ရန်အသိပေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။


READ NEXT
Cancel OK