Top News

အသက် နှစ်နှစ်မှ ၁၈ နှစ်အတွင်းရှိ မသန်စွမ်းကလေးငယ်များကို တစ်လလျှင် ကျပ် ၄၂၀၀၀ နှုန်း ထောက်ပံ့မည်ဟု Unicef Myanmar ကြေညာ
24htopnews | January 10, 2025 9:12 PM CST

အသက် နှစ်နှစ်မှ ၁၈ နှစ်အတွင်းရှိ မသန်စွမ်းကလေးငယ်များကို တစ်လလျှင် ကျပ် ၄၂၀၀၀ နှုန်းထောက်ပံ့မည်ဟု Unicef Myanmar က ကြေညာသည်။

မသန်စွမ်းမှုပြင်းထန်နှင့် အလွန်ပြင်းထန်အဆင့်ရှိကြောင်း စိစစ်အတည်ပြုချက်ရရှိထားပြီးသော အသက် နှစ်နှစ်မှ ၁၈ နှစ်အရွယ်ရှိ မသန်စွမ်းကလေးငယ်၊ ထောက်ပံ့မှုအစီအစဉ်တွင် ပါဝင်ကြောင်း ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားမှု ရရှိထားပြီးသူဖြစ်ရမည်ဖြစ်ကြောင်း၊ ထောက်ပ့ံမှုအစီအစဉ်မှာ တစ်လ လျှင် ၄၂၀၀၀ ကျပ်နှုန်းဖြစ်ကာ နှစ်လတစ်ကြိမ် Wave Money မှတစ်ဆင့် အကျိုးခံစားခွင့်ရရှိသူထံ တိုက်ရိုက်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ အတူနေမိသားစုတွင် အများဆုံးသုံးဦးအထိသာ ထောက်ပ့ံမည်ဖြစ်ကြောင်း ယူနီဆက်က ဆိုသည်။

သတ်မှတ်ချက်နှင့် မကိုက်ညီသည့် အခြေအနေများမှာ အကျိုးခံစားခွင့်ရှိသူကဏ္ဍတွင် ဖော်ပြထားသော သတ်မှတ်ချက်နှင့် ကိုက်ညီသူမဟုတ်ခြင်း၊ မသန်စွမ်းကလေးသည် မိသားစုနှင့် နေထိုင်မှုမရှိခြင်း၊ အကျိုးခံစားခွင့်ရှိသူ မသန်စွမ်းကလေးငယ်သည် သတ်မှတ်ဒေသ၏ ပြင်ပသို့ ကာလရှည်ပြောင်းရွှေ့သွားခြင်း၊ သေဆုံးသွားခြင်း၊ ကနဦးစိစစ်မှုအရ မသန်စွမ်းကလေးဖြစ်သော်လည်း နောက်တကြိမ်စိစစ်စစ်ဆေးမှုတွင် မသန်စွမ်းမှုမရှိတော့ခြင်း၊ ပပျောက်သွားခြင်း၊ စာရင်းသွင်းထားသည့် အချက်အလက်များကို မှန်ကန်စွာအတည်မပြုနိုင်ခြင်း အစရှိသည့်အခြေအနေများဖြစ်သည်ဟု ယူနီဆက်ဖ်က ကြေညာသည်။

ထောက်ပံ့ငွေကို မသန်စွမ်းကလေးငယ်များအတွက် အစားအစာများဝယ်ယူခြင်း၊ နေထိုင်မကောင်းဖြစ်ပါက ဆေးခန်းပြခြင်း၊ တကိုယ်ရေသန့်ရှင်းရေးအတွက် အသုံးပြုခြင်း၊ မသန်စွမ်းအထောက်အကူပြုနည်းပညာ ပစ္စည်းများ ဝယ်ယူခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ပညာရေး အစရှိသည့်နေရာ များ၌အသုံးပြုရမည်ဖြစ်ကြောင်းသိရသည်။

ထောက်ပံ့ကြေးပေးအပ်ရခြင်းမှာ မသန်စွမ်းကလေးအတွက် မိသားစုများက လုံလောက်သောပြုစုမှု၊ စောင့်ရှောက်မှုနှင့် ပ့ံပိုးမှုများရရှိအောင်၊ မိသားစုဝင်ငွေဖြည့်စွက်ပေးရေး ဘက်စုံသုံး သတ်မှတ်ချက်မထားရှိသော ထောက်ပံ့ငွေပေးအပ်သည့်အစီအမံကို မိသားစုများအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း ပါဝင်မှုရှိရေးတို့အတွက် ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ အရေးပေါ်ဖုန်းများဖြစ်သည့် ၀၉-၈၈၀၉၁၉၂ ၁၁၊ ၀၉-၈၈၀၉၁၉၂ ၁၂၊ ၀၉-၈၈၀၉၁၉၂၁၃ ဖုန်းများသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ယူနီဆက်ဖ်က ထုတ်ပြန်သည်။


READ NEXT
Cancel OK