Top News

ကန်ကြီးထောင့်မြို့ ဟွာမှုံအထည်ချုပ်စက်ရုံ အလုပ်သမားသပိတ်မှာ ဥပဒေအရ မညီညွတ်သောကြောင့် ဖယ်ရှားပေးရန် ကြေညာခဲ့သော်လည်း အင်အားသုံး ဖယ်ရှားပစ်ရန် အစီအစဉ်မရှိဟု တိုင်းဒေသကြီးဝန်ကြီး ပြောကြား
24htopnews | January 14, 2025 8:12 PM CST

 ကန်ကြီးထောင့်မြို့ ဟွာမှုံအထည်ချုပ်စက်ရုံတွင် လုပ်ငန်းခွင်အတွင်း လိုအပ်ချက်များကို သပိတ်မှောက် တောင်းဆိုနေသည့် အလုပ်သမားသပိတ်မှာ ၉ ရက်မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်ပြီး သပိတ်မှောက် လုပ်ဆောင်မှုမှာ ဥပဒေအရ မညီညွတ်သော်လည်း အင်အားသုံးဖြိုခွင်းရန် အစီအစဉ်မရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားသည်။

ဟွာမှုံအထည်ချုပ်စက်ရုံ အလုပ်သမား များက လုပ်ငန်းခွင်အတွင်း လိုအပ်ချက်များ ဖြစ်သည့် တောင်းဆိုချက် ၅၇ ချက်ကို အောက် တိုဘာ ၇ ရက်တွင် စတင်စုပေါင်းတောင်းဆို မှုပြုလုပ်ခဲ့ကြောင်း၊ တောင်းဆိုချက်များအ နက် သဘောတူညီရန် ကျန်ရှိသည့်ရှစ်ချက်ကို အလုပ်သမား ခုံသမာဓိရုံးသို့ တက်ရောက်ခဲ့ကြောင်း၊ ခုံသမာဓိရုံးဆုံးဖြတ်အား ကျေနပ်မှုမရှိသောကြောင့် ဒီဇင်ဘာ ၉ ရက်တွင် စက်ရုံဝင်းအတွင်း စတင်သပိတ်မှောက်ခဲ့ပြီး ဒုတိယမြောက်နေ့မှစတင်ကာ စက်ရုံဝင်းအတွင်းသို့ ဝင်ရောက်ခွင့် မရတော့သဖြင့် စက်ရုံရှေ့ လမ်းမကြီးတွင် သပိတ်စခန်းဖွင့်ကာ ဆက်လက်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပြီး သပိတ်စခန်း စတင်ဖွင့်လှစ်သည့် ၇ ရက်မြောက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆုံးဖြတ်ချက်ဟုဆိုကာ မြို့နယ်တာဝန်ရှိသူများမှ သပိတ်အားရုပ်သိမ်းရန် ရုပ်သိမ်းခြင်း မရှိပါက အင်အားသုံး ဖြိုခွင်းမည်ဖြစ်ကြောင်း  လာရောက် အကြောင်းကြားခဲ့ကြောင်း၊ ယင်းသို့ အကြောင်းကြားပြီးနောက် သပိတ်မှောက် လုပ်သားများ ပိုမိုများပြားလာပြီးနောက် ဝန်ကြီးက ယခုကဲ့သို့ ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အခုလိုပဲ ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ဒီလိုပဲ နေနေတယ်၊ ထိုင်နေတယ်။ သီချင်းဆို တယ်။ ဘယ်မှစီတန်း လှည့်လည်ခြင်းလည်း မလုပ်ဘူး၊ အော်ဟစ်ဆူပူခြင်းလည်း မလုပ်ဘူးဆိုရင် ဒါဟာ သပိတ်မှောက်တာပဲ။ ဘာမှ မလုပ်ဘူး။ လုပ်မယ့်အစီအစဉ်မရှိဘူးနော်။ ဒီကြားထဲမှာ ညှိနှိုင်းနေတာ အလုပ်ရှင် အလုပ် သမားညှိနှိုင်းနေတယ်။ တကယ်က တကယ့် အလုပ်ရှင်စစ်က မြန်မာပြည်ထဲမှာ မရှိဘူး၊ မရှိတော့ သူ့ကိုခေါ်ထားတယ်။ သူရောက် လာလို့ရှိရင်တော့ တကယ့်အလုပ်ရှင်ဆိုတော့ အဆုံးအဖြတ်လည်း ပေးပိုင်ခွင့် ရှိတယ်လေ။ အဲဒီမှာ ပြေလည်သွားနိုင်တယ်။ အဲဒါလေး မျှော်လင့်ထားပါတယ်”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားသည်။

သပိတ်မှောက် အလုပ်သမားများကမူ တောင်းဆိုချက်များ မရရှိမချင်း ဆက်လက် တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီစက်ရုံက ချိုးဖောက်မှုတွေများတယ်။ အလုပ်သမားတွေကို ဖိနှိပ်ချုပ်ချယ်မှုတွေ များတယ်။ အဲဒါကြောင့်မို့ သမီးတို့က အခုလိုမျိုး တောင်းဆိုရခြင်းဖြစ်ပါတယ်၊ တောင်းဆိုတယ်ဆိုကလည်း ဥပဒေနဲ့ ညီညီညွတ်ညွတ်နဲ့ပဲ ဥပဒေဘောင်အတွင်းကပဲ တောင်းဆိုထားတာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒီတောင်းဆိုချက်တွေ မရမချင်း သမီးတို့က ဆက်လက်ပြီးတော့ သပိတ်မှောက်သွားမယ်လို့ ပြောချင်ပါတယ်” ဟု သပိတ်မှောက် အလုပ်သမားတစ်ဦးဖြစ်သူ မစုပုံချစ်က ပြောကြား သည်။

အဆိုပါ အလုပ်သမားသပိတ်အား ကန်ကြီးထောင့်မြို့ရှိ လူမှုရေးအဖွဲ့အစည်းများ ဖြစ်သည့် လူမှုဝန်းကျင်တိုးတက်မြင့်မားရေးအဖွဲ့များနှင့် အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများက လိုအပ်သည့် စားသောက်နေထိုင်ရေးများကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး သပိတ်စခန်းအချိန် ကြာမြင့်လာသည်နှင့်အမျှ အလုပ်သမားအချို့တွင် ကျန်းမာရေး ချို့ယွင်းမှုများရှိလာကြောင်း သိရသည်။


READ NEXT
Cancel OK