Top News

လူဦးရေကျုံ့ခြင်းပကာသနီ
24htopnews | January 19, 2025 8:12 PM CST

Financial Times မှ Sarah O’Connor သည် ကမ္ဘာ့ရေးရာများနှင့် ပတ်သက်သည့် သတင်း၊ သုံးသပ်ချက်၊ အထူးပြုအကြောင်းအရာများကို ရေးသားလျက်ရှိသည့်အပြင်၊ နှစ်ပတ်လျှင် တစ်ကြိမ်အတွေးအမြင် ကော်လံကို ပင်တိုင်ရေးသားနေသူဖြစ်သည်။ FT သို့၂၀၀၇ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး၊ “The US economy from Washington DC, The UK economy from London and The financial crisis from Iceland” စသည့် သူရေးသားသော အကြောင်းအရာများမှာ မျက်နှာဖုံးဆောင်းပါးများအဖြစ် ဖော်ပြခံခဲ့ရသည်။

ယခုရေးသားသော ကမ္ဘာ့လူဦးရေနှင့် ပတ်သက်သည့် သူ့အတွေးအမြင်မှာ လက်တွေ့ပကတိ အရှိတရားများနှင့် အပ်စပ်ရုံမျှမက၊ မူဝါဒရေးရာစဉ်းစားဖွယ်များလည်း ပါဝင်နေသောကြောင့် ELEVEN ပရိသတ်အတွက် တိုက်ရိုက်ဘာသာပြန်ဆို တင်ဆက်လိုက်ပါသည်။

အမေ့ကိုမွေးဖွားချိန်က ကမ္ဘာ့လူဦးရေသည် သန်းသုံးထောင်မပြည့်သေးပါ။ ကျွန်မ “အူဝဲ” ဆိုသည့်အခါ လူဦးရေသန်းငါးထောင်နီးပါးရှိလာခဲ့ပြီး သမီးလေးကို ကျွန်မမွေးချိန်တွင် ကမ္ဘာ့လူဦးရေမှာသန်းပေါင်း ၇,၇၀၀ ရှိပါပြီ။ သမီးသည် ခေတ်ကာလသစ်တစ်ခု၏ ကနဦးအစကို မြင်တွေ့ရဖွယ်ရှိနေပါသည်။ထိုခေတ်သစ်မှာ ဤဂြိုဟ်ပြာပေါ်၌ စုစုပေါင်း လူဦးရေစတင် ကျဆင်းသည့်ကာလပင် ဖြစ်ပါလိမ့်မည်။

မွေးဖွားနှုန်းများ ကျဆင်းခြင်းသည် မြေကမ္ဘာအတွက် သတင်းကောင်းဟု ဆိုသော်ငြား မျိုးဆက်နှင့်ချီ၍ မညီမျှမှုဖြစ်လာနိုင်သော လက္ခဏာတစ်ရပ်ဟုလည်း ရှုမြင်နိုင်ပါသည်။

ကပ်ရောဂါသည် အချို့နိုင်ငံများ၌သမိုင်းတွင် မကြုံဖူးသည့်ကလေးမွေးဖွားနှုန်း ကျဆင်းမှုကိုဖြစ်စေခဲ့၏။ စပိန်နိုင်ငံတွင်၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာအတွင်း ယခင်နှစ်၊ ကာလတူလမွေးဖွားမှုအောက် ရာခိုင်နှုန်း ၂၀ လျော့နည်းခဲ့ပြီး ဤမွေးစာရင်းမှတ်တမ်း စတင်ပြုစုခဲ့သည့် ၁၉၄၁ ခုနှစ်မှ ပြန်ပြောင်းနှိုင်းယှဉ်လျှင် အနိမ့်ဆုံးမွေးနှုန်းဖြစ်၏။ အလားတူအီတလီတွင် ၂၂ ရာခိုင်နှုန်း၊ ပြင်သစ်တွင် ၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့၏။

ထိုသို့ မွေးဖွားနှုန်းကျဆင်းနေသည်မှာ ကမ္ဘာနိုင်ငံတိုင်းတော့မဟုတ်၊ ခြွင်းချက်အနေနှင့် ဂျာမနီတွင် မွေးဖွားနှုန်း မသိမသာတက်ပါသည်။ ကပ်ရောဂါကြောင့် ကလေးမွေးနှုန်း ကျဆင်းသည်မှာ တဒင်္ဂဖြစ်စဉ်လား။သို့သော် ကာလရှည်ထိ နှိုင်းဆသုံးသပ်လျှင်တော့ သားသည်မိခင်ဦးရေ နည်းပါးလာသည်ကို ဟိုဟိုသည်သည် မြင်တွေ့လာရပေပြီ။

ယနေ့ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်မှာ အမျိုးသမီးများ၏ တစ်သက်တာအတွင်း “ပျမ်းမျှပေါက်ဖွားနှုန်း” မှာ ၂.၁ ယောက်နှုန်းအောက် လျော့နည်းသွားသည့် တိုင်းပြည်များတွင် နေထိုင်လျက်ရှိကြသည်။ (Replacement Level Fertility - ပျမ်းမျှပေါက်ဖွားနှုန်းဟူသည် အမျိုးသမီးတစ်ယောက်က သူ့တစ်သက်တာတွင် ကလေး၂.၁ ယောက်နှုန်း မွေးနိုင်သည်ဟု ဆိုလိုရင်းဖြစ်၏။) ထိုကိန်းဂဏန်းသည် လူဦးရေတည်ငြိမ်မှုကို ထိန်းထားနိုင်သည့် ပြယုဂ်ဖြစ်သည်။လူဦးရေတိုးနှုန်း မြင့်မားဆဲဖြစ်သည့် အာဖရိကတိုက် ဆာဟာရတိုင်းပြည်များ၌ပင် ၁၉၇၀ ပြည့်နှစ်က ၆.၈ ရာခိုင်နှုန်းရှိခဲ့သည့် ကလေးမွေးဖွားနှုန်းမှာ ယခုအခါ ၄.၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ ကမ္ဘာ့လူဦးရေ ခန့်မှန်းချက် နောက်ဆုံးထုတ် အစီရင်ခံစာ ၂၀၁၉ အရ ကမ္ဘာ့လူဦးရေတိုးနှုန်းသည် သက္ကရာဇ် ၂၁၀၀ ပြည့်တွင် ကျဆင်းသွားလိမ့်မည်ဟု အကြမ်းဖျင်း ရည်ညွှန်းထားပါသည်။ ပြီးခဲ့သည့်နှစ်က ပုံနှိပ်ထုတ်ဝေခဲ့သော The Lancet သုတေသနစာတမ်းတွင်မူ ကမ္ဘာ့လူဦးရေသည်၂၀၆၄ ခုနှစ်တွင် အများဆုံးအဖြစ် သန်းပေါင်း ၉,ရဝဝသို့ ရောက်ရှိမည်ဖြစ်ပြီး ပြန်လည်ကျဆင်းသွားကာ သက္ကရာဇ် ၂၁၀၀ ပြည့်တွင် သန်းပေါင်း ၈,၈၀၀ သာ ရှိလိမ့်မည်ဟု သုတေသနပညာရှင်တို့က တွက်ချက်ကြပါသည်။

လူအများကတော့ ဤသတင်းကို ကမ္ဘာဂြိုဟ်ကြီးအတွက် သတင်းကောင်းဟု ရှုမြင်ကြပါလိမ့်မည်။ စဉ်ဆက်မပြတ်တိုးပွားလာခဲ့သည့် လူဦးရေက သဘာဝဝန်းကျင်အပေါ် ဖိစီးလာခဲ့သည်မှာ ကြာလှပါပြီ။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကလေးမွေးဖွားနှုန်း ကျဆင်းသွားရခြင်းမှာ အမျိုးသမီးထုအဖို့ ပညာတတ်လာခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းလာခြင်းတို့နှင့် တိုက်ရိုက်သက်ဆိုင်ပါသည်။

လာမည့်ဆယ်စုနှစ်များအတွင်း နိုင်ငံများအနေနှင့် သက်ကြီးလူဦးရေနှင့် ပတ်သက်၍ မည်မျှပ့ံပိုးမည်၊ မည်သည့်စောင့်ရှောက်မှုများပေးမည်၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဒေသ ရွှေ့ပြောင်းမှုများကို မည်သို့စီမံမည်စသည့် ကိစ္စအဝဝကို ရင်ဆိုင်ဖြေရှင်းကြရပါမည်။ The Lancet သုတေသနအရ ၂၁၀၀ ပြည့်တွင် ကမ္ဘာ့လူဦးရေမှာ အိန္ဒိယပြီးလျှင် နိုင်ဂျီးရီးယားက ဒုတိယအများဆုံး ဖြစ်လိမ့်မည်။ “ကမ္ဘာအနှံ့ကလူတွေ ဥရောပနဲ့ အမေရိကကို ဝင်လာချင်ကြတယ်။ ကျွန်တော်တို့ သူတို့ကိုဝင်ခွင့်ပေးသင့်ပါတယ်” ဟု မက်စ်ပလန့် အင်စတီကျု၊ လူဦးရေ သုတေသနဌာနမှ သုတေသီယောရှုဝိုင်းက ပြောသည်။

မည်သို့ပင် ကျွန်မတို့အနေနှင့် ဆန္ဒာဓိပတိမည်မျှကြီးနေသည်ဖြစ်စေ၊ ချမ်းသာပြီး နိုင်ငံများ၏ ကျဆင်းသွားသော ကလေးမွေးဖွားနှုန်းကို မူလအခြေသို့ရောက်ရန် ပြန်လည်မြှင့်တင်ဖို့ မဖြစ်နိုင်တော့ပါ။ ဖင်လန်နိုင်ငံတွင် အမေရော အဖေပါ ကလေးနှင့်အတူ အလုပ်ဆင်းနိုင်သည့် မူဝါဒများစွာ ချမှတ်ထားသည့်တိုင် ကလေးမွေးဖွားနှုန်းကတော့ ကျဆင်းမြဲ ကျဆင်းဆဲဖြစ်သည်။ 

“ကျွန်မတို့တတွေ အသက် ၁၆ နှစ်အောက် ရင်သွေးရှိနေတဲ့ မိဘတွေကို လေ့လာမှုပြုခဲ့ပါတယ်။ သူတို့တတွေ အလုပ်နဲ့ မိသားစုဘဝကို ဘယ်လိုများ သဟဇာဖြစ်အောင် လုပ်ကြသလဲပေါ့။ ကျွန်မတို့ သုတေသနရဲ့ အကြီးမားဆုံးပြဿနာက သူတို့တတွေဟာ ကျေကျေနပ်နပ်ကြီးဖြစ်နေတော့ကာ စိတ်ဝင်စားစရာ ဘာအချက်အလက်မှ မပါတော့တာပဲ” ဟု ဖင်လန်လူဦးရေစာရင်းအင်းပညာ အင်စတီကျုမှ ပါမောက္ခအန်နာရော့ကရစ်က ပြောပြသည်။ “ဒီနေရာမှာ မွေးဖွားနှုန်းတက်လာဖို့လိုသလို၊ ယောကျ်ားလေး မိန်းကလေးဦးရေ ညီညီညာညာမွေးဖို့လည်း လိုပါတယ်။ မိဘနှစ်ယောက်လုံး ဝင်ငွေရတဲ့အလုပ်ရှိကြရင်တော့ မွေးဖွားနှုန်းဟာ ၁.၅ ရာခိုင်နှုန်းလောက်ထိ ပြန်တက်လာနိုင်မယ်ထင်ပါတယ်။ အဲဒီလိုနှုန်းမျိုး ရောက်လာရင်ရော ပျော်နေတဲ့သူတွေအတွက် စိတ်ရှုပ်စရာဝန်ထုပ်ဝန်ပိုးများ ဖြစ်သွားလေမလား” ဟု သူကထပ်ပြောသည်။

ဤဖြစ်ရပ်တို့က ညွှန်းဆိုနေသည်မှာ ကျွန်မတို့အနေနှင့် အခြားသော လူမှုအကြောင်းရင်းများကို ထည့်မတွက်ဘဲ ကလေးမွေးဖွားနှုန်း ကျဆင်းမှုတစ်ခုတည်းကို ကြည့်၍ကောင်းသတင်းဟု မရှုမြင်ထိုက်ပါ။ အချို့နိုင်ငံများတွင် မိဘတို့အဖို့ သူတို့မွေးလိုသည့် သားသမီးဦးရေ ပြည့်မီအောင် ကလေးမရကြရှာပါ။ တောင်ကိုရီးယားတွင် ကလေးမွေးဖွားမှုနှုန်း တစ်ရာခိုင်နှုန်းပင် မပြည့်တော့ပါ။ဖြစ်တန်ရာသော အကြောင်းရင်းများမှာ အလုပ်ချိန်နာရီများ ရှည်လျားကြာမြင့်ခြင်း၊ နေစရိတ်နှင့် ပညာရေးစရိတ် ကြီးမြင့်လွန်းခြင်းနှင့် သားသည်မိခင်ဘဝအတွက်ပ့ံပိုးမှု အားနည်းခြင်းတို့ တွေ့ရမည်ဖြစ်သည်။ ဆိုးလ်တက္ကသိုလ်မှ လက်ထောက်ကထိက အီရင်ဟွေဝန်းကင်၏ အဆိုအရ “အကြာကြီးအလုပ်လုပ်၊ နောက်အကျကြီးကျမှ အိမ်ပြန်ရောက်ဆိုတဲ့ သံသရာကြီးထဲ တိုင်ပတ်နေကြတာ” ဟု ပြောဆိုလျက် စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကို မရပ်မနားတွန်းတင်သည့်စနစ်က ကိုရီးယားလူ့အဖွဲ့အစည်းကို စိတ်ဖိစီးမှုအောက် ရောက်သွားစေကြောင်း ထောက်ပြခဲ့သည်။

စိတ်ဖိစီးမှုဒဏ်သင့်နေသည့် မျိုးဆက်တစ်ခုကိုတော့ဖြင့် မကြိုဆိုထိုက်သကဲ့သို့ ယင်းသည်တောင်ကိုရီးယား၏ ဂုဏ်ရည်တစ်ရပ်လည်း မဟုတ်ပါ။ သို့သော် ဤသို့ပြင်းပြင်းထန်ထန် ခံစားနေကြရသည်မှာ အမှန်ဖြစ်ပါသည်။ Financial Times သတင်းစာက ယခုနှစ်ဦးပိုင်း၌ ကမ္ဘာတစ်လွှားရှိ လူငယ်များကို စစ်တမ်းကောက်ယူခဲ့ရာတွင် အများစုမှာ အလုပ်မတည်မြဲခြင်းနှင့် အိမ်ခန်းအရွှေ့အပြောင်းတို့ကြောင့် စိတ်မလုံခြုံခြင်းကဲ့သို့သောအဖြစ်မျိုး ခံစားနေကြရပြီး မည်သည့်အခါမှ နားရတော့မည်မဟုတ်ဟု ထင်မြင်နေကြသည်။ အချို့သော လူငယ်တို့ကမူ ကလေးယူရန် မဝံ့မရဲဘဝမျိုး၌ ရှိနေကြရရှာသည်။

သက်ကြီးပိုင်းများလာပြီး မွေးဖွားနှုန်းကျဆင်းသည့် နိုင်ငံတိုင်းအတွက် ဤ ‘ပေါက်ပင်ဘာကြောင့်ကိုင်းရလဲဆိုသည့်’  ပြဿနာမှာ ပတ်ချာလည်လျက်ရှိသည်။ သက်ကြီးပိုင်းများလာသည့်အခါ အစိုးရမူဝါဒများက ထိုအသက်ပိုင်းကို ပ့ံပိုးပေးသည်နှင့် တစ်ချိန်တည်း၌ လူငယ်လူရွယ် လုပ်သားအင်အားစုတို့အတွက် ဝန်ထုပ်ဝန်ပိုးကြီးလာစေသည်။

ဂျပန်နိုင်ငံတွင်၂၀၁၁ ခုနှစ်မှ စတင်ပြီး လူဦးရေကျဆင်းမှုဖြစ်ပေါ်ခဲ့၏။တိုကျိုတက္ကသိုလ်၊ လူမှုသိပ္ပံအင်စတီကျုမှ ပါမောက္ခဟီ ရိုရှီအစ်ရှီဒါက လူငယ်တို့သည် သူတို့လက်ရှိ ခံစားရရှိနေသည့် လူနေမှုအဆင့်အတန်းကို ကျေနပ်လျက်ရှိကြပြီး အနာဂတ်နှင့် ပတ်သက်၍ “ရေအိုးဖင်ပေး၊ အေးအေးသာ” နေကြကြောင်း သုံးသပ်ခဲ့သည်။ တမ်ပဲလ်တက္ကသိုလ်၊ ဂျပန်နယ်မြေ၏ တွဲဖက်ပါမောက္ခ ဆချီကိုဟိုရီဂူချီကမူ “သူတို့ဟာနိုင်ငံရေးနဲ့ ပတ်သက်လို့ အသံကျယ်ကျယ်ပေးလို့မရမှန်း သိတယ်။ လူကြီးတွေက မဲမျိုးစုံထည့်ကြ၊ နိုင်ငံရေးရွှေ့ကွက်တွေ ကစားကြ၊ ဒါနဲ့ပဲရှာသမျှ ငွေတွေအကုန်လုံး အဲဒီမျိုးဆက်ဆီ ရောက်ကုန်တာပဲ” ဟုပြောခဲ့သည်။ နောင်နှစ်တစ်ရာအကြာ ဖြစ်လာဖွယ်ရှိသည့် မူဝါဒရေးရာ စိန်ခေါ်ချက်မှာ သက်ကြီးပိုင်း၏လိုအပ်ချက်များကိုရော၊ သက်ငယ်များ၏ မျှော်လင့်ချက်နှင့် လုံခြုံမှုတို့ကိုပါ သေချာပေါက် အာမခံချက်ပေးနိုင်ရန် ဖြစ်လာပါလိမ့်မည်။

ကျွန်မတို့သည် သားသည်အမေ ဘယ်နှယောက်ရှိရမည်ဟု ထိန်းချုပ်နိုင်စွမ်းမရှိသလို၊ ထိုသို့ ဆောင်ရွက်ရန်လည်း ဆန္ဒမရှိထိုက်ပါ။ သို့သော် အခြားသော နည်းလမ်းပေါင်းစုံကို စဉ်းစားကြည့်ပါက ရင်သွေးတစ်ယောက် မွေးဖွားခြင်းဟူသည် အနာဂတ်ကို ယုံကြည်ကြောင်း ပြသရာရောက်ပါသည်။ ကလေးလိုချင်ပါလျက် မယူကြရရှာသော အချို့လူများအတွက် ကျွန်မတို့အနေနှင့် အလေးထား အာရုံစိုက်ကြရမည့် အချက်ပေးသင်္ကေတ ဖြစ်ပါသည်။ သူတို့သည်လည်း ဤမြေကမ္ဘာဂြိုဟ်ပြာပြာ၏ လူသားစစ်စစ်များ ဖြစ်ကြသည့်အတွက် ကျွန်မတို့အားလုံး ဂရုဓမ္မထားရှိအပ်သည့် ပုဂ္ဂိုလ်များဖြစ်ပါသည်။  


READ NEXT
Cancel OK