Top News

မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစာရင်းများအရ တရုတ်နိုင်ငံက ဒုတိယနေရာတွင် ရပ်တည်နေသော်လည်း အမှန်တကယ်ဝင်ရောက်မှုတွင် တရုတ်က အများဆုံးဖြစ်
24htopnews | April 5, 2024 8:12 AM CST

မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်း နှီးမြှုပ်နှံမှုစာရင်းများအရ တရုတ်နိုင်ငံက ဒုတိယနေရာတွင် ရပ်တည်နေသော်လည်း အမှန်တကယ်ဝင်ရောက်မှုတွင် တရုတ်က အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံရဲ့ရင်းနှီးမြှုပ်မှုမှာ တရုတ်နိုင်ငံဟာ ဒုတိယမြောက်အကြီးဆုံးလို့ စာရင်းဇယားအရ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒါက တိုက်ရိုက်လာတဲ့ရင်းနှီးမြှုပ်နှံမှုကိုပဲ ပြောတာဖြစ်ပါတယ်။ စုစုပေါင်း တရုတ်နိုင်ငံရဲ့ ကုမ္ပဏီလုပ်ငန်းပေါင်း ၅၈၃ ခု၊ ဒါက Investment DICA က ခွင့်ပြုတာပေါ့နော်။ အဲဒီ ၅၈၃ ခုမှာ စက်မှုလုပ်ငန်းမှာလုပ်နေတာက ၅၂၄ ခု ရှိပါတယ်။ ၉၀ ရာခိုင်နှုန်းလောက်က စက်မှုကုန်ထုတ်လုပ်ငန်းတွေကို ဆောင်ရွက်နေကြတာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစာရင်းများအရ တရုတ်နိုင်ငံက ဒုတိယနေရာတွင် ရှိနေသည်ဆိုသော်လည်း တရုတ်ကုမ္ပဏီအချို့မှာ ဟောင်ကောင်၊ စင်ကာပူတို့မှတဆင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လုပ်ကိုင်မှုများရှိသည်။

“တရုတ်နိုင်ငံက ဒုတိယလို့ ပြောတာက တရုတ်ကတိုက်ရိုက်လာတဲ့စာရင်းအရ ၅၀၀ ကျော်ကပေါင်းစပ်ပြီးတော့ ဖြစ်လာတဲ့ စာရင်းအရ ဖြစ်ပါတယ်။ တကယ်က  တရုတ်နိုင်ငံက နံပါတ်တစ်ပါ။ တရုတ်က ဟောင်ကောင်ဘက်က ပတ်လာတာရှိတယ်။ တရုတ်မိခင်ကုမ္ပဏီက စင်ကာပူကပတ်လာတာရှိတယ်။ ဒါတွေကို ပေါင်းစပ်လိုက်ရင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ရင် ကျွန်တော်တို့နိုင်ငံမှာ နံပါတ်တစ်ပါလို့ပြောလိုပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဖေဖော်ဝါရီလကုန်အထိ ၁၁ လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှုအနေဖြင့် စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၁၅၇ ဒသမ ၅၅၃ သန်း၊ Belize က ဒေါ်လာ ၁ ဒသမ  ၅ သန်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင်ဒေါ်လာ တစ်သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၁၃ ဒသမ ၄၉၄ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၄ ဒသမ ၄၁၄သန်း၊ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၆၆ ဒသမ ၆၆၃ သန်း၊ အိန္ဒိယက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁ ဒသမ ၅၄၅ သန်း၊ ဂျပန်နိုင်ငံက ၂၁ ဒသမ ၄၇၆ သန်း၊ R.O.K က ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင်  ဒေါ်လာ၅၂ ဒသမ ၄၀၇ သန်း၊ Samoa က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၀ ဒသမ ၃၈၉ သန်း၊ Seychelles က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၃၈ သန်း၊ ဆွစ်ဇာလန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၄ ဒသမ ၆၇၇ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၉၃ ဒသမ ၈၅၀ သန်း၊ U.K က ဒေါ်လာ ၂  ဒသမ  ၀၅၆ သန်းဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၆၂၁ ဒသမ ၃၆၂ သန်း ဝင်ရောက်မြှုပ်နှံထားခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


READ NEXT
Cancel OK