Top News

COVID-19 ကူးစက်မှုများ ပြန်လည်ဖြစ်ပွားလာသဖြင့် တရုတ်မြိ်ု့တော် ပေကျင်းတွင် မြို့ခံအများအပြား ဆေးစစ်မှုခံယူရေး စတင်ဆောင်ရွက်
24htopnews | April 21, 2024 5:12 PM CST

တရုတ်မြို့တော်ပေကျင်းရှိ အာဏာပိုင်များသည် ကူးစက်ရောဂါဖြစ်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်ရန်နှင့် ရှန်ဟိုင်းမြို့ကို အခက်အခဲဖြစ်စေခဲ့သော မြို့အနှံ့လော့ဒေါင်းချခြင်း မျိုးကိုရှောင်လွှဲရန် ကြိုးစားနေချိန် ဧပြီ ၂၆ ရက်တွင် ပေကျင်းမြို့ခံ လေးပုံသုံးပုံသည် COVID-19 ဆေးစစ်မှုခံယူရန် စတင် တန်းစီခဲ့ကြသည်။

လူဦးရေ ၂၅ သန်းနေထိုုင်သည့် တရုတ် ဘဏ္ဍာရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဗဟိုချက်ရှန်ဟိုင်းမြို့တွင် တင်းကျပ်သော ထိန်းချုပ်မှုများကို စိတ်ပျက်မှုများပြားလာသော အနေအထား၌ ပေကျင်းမြို့ခံများသည် နေရ အလိုက်ကွက်၍ လော့ဒေါင်းချမည်ကို စိုးရိမ်သဖြင့် စားစရာများနှင့် ပစ္စည်းပစ္စယများကို စတင်စုဆောင်းခဲ့ကြသည်။

ရှန်ဟိုင်းမြို့ခံများက ပြတင်းပေါက်များမှ တစ်ဆင့် ဒန်အိုး၊ဒန်ခွက်များတီးကာ ဒေါသ ထွက်ကြောင်းပြသသည်ကို လူမှုမီဒီယာတွင် တင်ထားသောဗီဒီယိုများ၌ တွေ့ရပြီး ပြင်သစ်သီချင်း Les Miserable ထဲမှ “ပြည်သူတွေ သီချင်းဆိုနေတာကို ကြားရလား” ဆိုသည် သီချင်းကို ပလွေများ၊ ခရာများမှုတ်ကာ ဆိုခဲ့ကြသည်။

ရှန်ဟိုင်းတွင် ဖြစ်သောအဖြစ်အပျက်များ ကဲ့သို့ ဖြစ်မလာစေရန် စောစီးစွာ ကိုင်တွယ် ဆောင်ရွက်သည့်အနေဖြင့် ပေကျင်းသည် မြို့၏ လူဦးရေအများဆုံးရပ်ကွက်ဖြစ်သော ချောင်ယန်းတွင် ပြည်သူ ၃.၅ သန်းကို ဆေးစစ်ခြင်းအား ဧပြီ၂၅ ရက်တွင် စတင်ခဲ့သည်။ အခြားသော ရပ်ကွက် ၁၀ ခုနှင့် စီးပွား ရေးဇုန်တစ်ခုတို့ကို ယခုသီတင်းပတ်အတွင်း  မဖြစ်မနေ ဆေးစစ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဧပြီ ၂၅ ရက် နှောင်းပိုင်းတွင် အာဏာပိုင်များက ထုတ်ပြန်ခဲ့ရာ စုစုပေါင်း လူသန်း ၂၀ ကိုဆေးစစ်မည်ဖြစ်ကာ  ဧပြီ ၂၆ ရက်တွင် လူ ၁၆ သန်း ဆေးစစ်မှုခံယူရန် ညွှန်ကြားခဲ့သည်။

ဧပြီ ၂၅ ရက်တွင် ပေကျင်း၌ ကိုဗစ်ကူး စက်ခံရသူ ၃၃ ဦးရှိခဲ့ရာ ဧပြီ ၂၄ ရက်ကထက် ကူးစက်ခံရသူ ၁၉ ဦးပိုများလာခြင်းဖြစ်သည်။ ပေကျင်းတွင် လတ်တလောဖြစ်ပွားနေသည့် ကူးစက်ရောဂါများကြောင့် သေဆုံးသူမရှိသေးဟု ဆိုသည်။ ထို့အပြင် ရှန်ဟိုင်းနှင့်နှိုင်းယှဉ်လိုက်ပါက ပေကျင်းတွင် ကူးစက်ခံရသူ စုစုပေါင်းမှာ အနည်းအကျဉ်းသာဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူ ၅၂ ဦး ရှိကြောင်း ဧပြီ ၂၆ ရက်တွင် ရှန်ဟိုင်းတာဝန်ရှိသူများက ထုတ်ပြန်ခဲ့ရာ သေဆုံးသူ အရေအတွက်သည် ဧပြီ ၂၄ ရက်ကထက် တစ်ဦးပိုများလာခြင်းဖြစ်သည်။ ထို့ကြောင့် ဧပြီ ၁၇ ရက်မှ စတင်ကာ ရှန်ဟိုင်းတွင် ကိုဗစ်ဖြင့် သေဆုံးသူ စုစုပေါင်းမှာ ၁၉၀ ရှိလာသည်။ သို့ရာတွင် အစောဆုံးအနေဖြင့် မတ်လတွင် ကိုဗစ်ကူးစက်ခံခဲ့ရပြီးနောက် ဆွေမျိုးများ၊ မိတ်ဆွေများ သေဆုံးခဲ့ကြကြောင်း ရှန်ဟိုင်း မြို့ခံများက ပြောကြားခဲ့ရာ ရှန်ဟိုင်းအာဏာပိုင်များ ထုတ်ပြန်သည့် တရားဝင်သေဆုံးစာရင်းမှာ သံသယဖြစ်စရာကောင်းနေသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် အလွန်မြန်ဆန်နေသည်ဟု ပေကျင်းထမင်းချက်တစ်ဦးဖြစ်သူ လျူဝမ်တောင်းက ပြောကြားသော်လည်း ပေကျင်းသည် ဗိုင်းရပ်စ်ကို ထိန်းချုပ် နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းကပြောသည်။

ပေကျင်းတွင် ကျောင်းများ၊ စတိုးဆိုင်များနှင့် ရုံးများကို ဖွင့်ထားဆဲဖြစ် သော်လည်း လားမားဘုန်းကြီးကျောင်းကို ဧပြီ ၂၇ ရက်မှ စတင်ကာပိတ်ထားမည်ဖြစ်ကာ ပေကျင်း အမျိုးသားဇာတ်ရုံကို ယခုလကုန်အထိပိတ်ထားမည်ဟု သိရသည်။                                            


READ NEXT
Cancel OK